တနင်္သာရီမြို့နယ် သိန္ဒောရွာတွင် တိုက်ပွဲဖြစ်နေပြီး ရွာသားများ ထွက်ပြေးရ

0
662

တနင်္သာရီမြို့နယ်၊ သိန္ဒောကျေးရွာတွင် ယနေ့ (မတ် ၃၁) နေ့လယ် ၁၂ နာရီခွဲဝန်းကျင်မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

သိန္ဒောကျေးရွာမှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တနင်္သာရီ PDF အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်နေကြောင်း ၎င်းတို့ထံမှ သိရသည်။

တိုက်ပွဲမှာ ယနေ့ မွန်းလွဲ သုံးနာရီခွဲဝန်းကျင်အထိ ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“တိုက်ပွဲက ခုထိပစ်နေကြတုန်းပဲ။ နှစ်ဖက်အထိအခိုက်တော့ မသိရသေးပါဘူး” ဟု မွန်းလွဲ ၃ နာရီခွဲခန့်က ဒေသခံရွာသားတစ်ဦးက ပြောသည်။

ရွာသူရွာသားများ ထိခိုက်မှု ရှိမရှိကိုလည်း မသိရသေးကြောင်း ဒေသခံအချို့ထံမှ သိရသည်။

သိန္ဒောကျေးရွာတွင် အိမ်ခြေ ငါးရာဝန်းကျင်ရှိသည့် ရွာတစ်ရွာဖြစ်ပြီး လက်ရှိအချိန်တွင် ရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။