တနင်္သာရီတိုင်း မြို့နယ်နှစ်ခုတွင် မွန်စာပေသင်တန်းစဖွင့်

0
314

တနင်္သာရီတိုင်း ပလောနှင့် ရေဖြူမြို့နယ်တို့တွင် နွေရာသီ မွန်စာပေသင်တန်းကို မတ်လ ဒုတိယပတ်တွင် စတင်ဖွင့်လှစ် သင်ကြားပေးနေပြီဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့ထံမှ သိရသည်။

နွေရာသီ မွန်စာသင်ကြားမှုသင်တန်းကို မွန်လူမျိုးတို့၏ စာပေ၊ စကား၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးတမ်း အစဉ်အလာများ တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ပေးစေလိုသည် ရည်ရွယ်ချက်ဖြင့် နှစ်စဉ်နှစ်တိုင်း ဖွင့်လှစ် သင်ကြားပေးနေကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ယင်းသင်တန်းကို ယခင်နှစ်များက မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း တို့တွင် ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု အဖွဲ့မှ အတွင်းရေးမှူး နိုင်မွန်ရာဇာက ပြောသည်။

“ဒီနှစ်ကတော့ ၂၁ မြို့နယ် ပါဝင်လာတယ်။ တနင်္သာရီတိုင်းက ပလောမြို့နယ်နဲ့ ရေဖြူမြို့နယ် နှစ်ခု တိုးလာတယ်။ မနှစ်ကတော့ ၁၉ မြို့နယ်ပဲ ဖွင့်လှစ်သင်ကြားနိုင်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။

ယင်းသင်တန်းကို မွန်လူမျိုးများ နေထိုင်သည့် နေရာများတွင် ပြုလုပ်နေခြင်းဖြစ်ကြောင်း သင်တန်းစီစဉ်သူများထံမှ သိရသည်။

သင်တန်း တက်ရောက်သည့် ကျောင်းသားအရေအတွက် နှစ်စဉ်တိုးလာပြီး ယခုနှစ်တွင် ကျောင်းသား ကျောင်းသူ ၈၁၀၀၀ ကျော်အထိ ရှိလာကြောင်း မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့ထံမှ သိရသည်။

သင်တန်းကို သံဃာတော်များက ဦးဆောင်သင်ကြားပေးနေပြီး နှစ်စဉ် တိုးလာသည့် ကျောင်းသား အရေအတွက်ကြောင့် သင်ကြားပေးမည့် ဆရာ လိုအပ်ချက် ဖြစ်လာကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

“နှစ်တိုင်း ကျောင်းသားတွေတိုးလာတော့ သင်ကြားပေးမယ့်ဆရာက လိုအပ်ချက်ရှိလာတယ်။ အဲဒီလို လိုအပ်လာရင် မွန်စာတတ်တဲ့ စေတနာ့ဝန်ထမ်း ဆရာ ဆရာတွေကို ခေါ်ပြီး သင်ခိုင်းရတယ်” ဟု နွေရာသီ မွန်စာသင်ကြားပေးနေသူ မိစဂျင်နွန်က ပြောသည်။

မွန်စာပေကို လွတ်လပ်ရေးရရှိပြီးစ ဦးနု အစိုးရလက်ထက်က အစိုးရကျောင်းများတွင် တရားဝင် သင်ကြားခွင့်‌ ပေးခဲ့သော်လည်း မဆလ အစိုးရလက်ထက် ၁၉၆၂ ခုနှစ်မှစပြီး မွန်စာပေကို တရားဝင် သင်ကြားခွင့် မရရှိတော့ဘဲ ကျောင်းအချို့တွင် နားလည်မှုဖြင့် အချိန်ပိုင်း သင်ကြားခွင့်ရရှိခဲ့သည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းမှာတော့ မွန်စာသင်ကြားခွင့်ကို လုံးဝ ပိတ်ပင်ခံခဲ့ရကာ နောက်ပိုင်းတွင် မွန်စာကို နွေရာသီအချိန်တွင် ဘုန်းတော်ကြီးကျောင်းတွေ အစိုးရစာသင်ကျောင်းတွေမှာ သံဃာတော်တို့က ဦးဆောင်သင်ကြားပေးလာခဲ့သည်။

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၀ နောက်ပိုင်းကာလတွင် အစိုးရစာသင်ကျောင်းများတွင် မွန်စာ သင်ကြားခွင့် ပြန်လည်ရရှိလာခဲ့ပြီး အတိုင်းတာတခုထိ အကောင်အထည်ဖော်နိုင်ခဲ့သော်လည်း NLD အစိုးရလက်ထက်နှင့် စစ်ကောင်စီလက်ထက်တွင် မွန်စာသင်ကြားမှုအခြေအနေသည် ထင်သလောက် အောင်မြင်မှု မရရှိခဲ့ကြောင်း မွန်စာပေအရေး ကြိုးပမ်းလုပ်ဆောင်နေသူတို့က ပြောဆိုကြသည်။