မြိတ်တွင် ဆိုင်ကယ် မကြာခဏ အခိုးခံရ

0
357

မြိတ်မြို့တွင် ယခုလပိုင်းအတွင်း မော်တော်ဆိုင်ကယ်များ မကြာခဏ အခိုးခံနေရကြောင်း ဆိုင်ကယ် ပျောက်ဆုံးသည့် ကာယကံရှင်များနှင့် တစ်ပတ်ရစ် ဆိုင်ကယ်အရောင်းအဝယ်ဆိုင်အချို့ထံမှ သိရသည်။

ဆိုင်ကယ်များ ညဘက်တွင်သာ အခိုးခံရခြင်း မဟုတ်တော့ နေ့ခင်းဘက်တွင်ပါ အခိုးခံရခြင်းဖြစ်ကြောင်း ဆိုင်ကယ်ပျောက်ဆုံးသည့် ကာယကံရှင်များက ပြောသည်။

မြိတ်တောင်နယ်မြေတွင် မတ်လ ၂၅ ရက်နေ့ နေ့ခင်းဘက်အချိန်က Click I အမျိုးအစား ဆိုင်ကယ်တစ်စီး ပျောက်ဆုံးခဲ့ကြောင်း အသက် ၅၀ နှစ်ကျော်ရှိ ကာယကံရှင် အမျိုးသားတစ်ဦးက ပြောသည်။

“အိမ်ရှေ့မှာရပ်ထားတာ။ ခဏလေးပဲ ပြန်ထွက်လာတော့ မရှိတော့ဘူး” ဟု ၎င်းက ဆိုသည်။

Click I အမျိုးအစား ဆိုင်ကယ်များမှာ အသစ်ဆိုလျှင် ကျပ်သိန်း ၄၀ ဝန်းကျင် ဈေးပေါက်ပြီး တစ်ပတ်ရစ်ဆိုလျှင် သိန်း ၂၀ ဝန်းကျင်ဈေးပေါက်ကြောင်း ဆိုင်ကယ်ဈေးကွက်အတွင်းမှ သိရသည်။

အလားတူ မတ်လ ပထမပတ်အတွင်း ညဦးဘက်အချိန်က နေအိမ်အရှေ့တွင် ရပ်ထားသည့် Click I ဆိုင်ကယ်နှစ်စီး အခိုးခံရကြောင်း ဇေယျာသီရိ (၄) ရပ်ကွက်နေ ကာယကံရှင် အမျိုးသမီးတစ်ဦးက ပြောပြသည်။

ဆိုင်ကယ်အခိုးခံရပြီး ယင်းဆိုင်ကယ်အမျိုးအစားကို လာရောက် ရောင်းချလျှင် အသိပေး အကြောင်းကြားပေးရန် ဆိုင်ကယ်ပျောက်ဆုံးသူများ လာရောက်ပြောဆိုမှု နေ့တိုင်းနီးပါး ရှိနေကြောင်း တစ်ပတ်ရစ် ဆိုင်ကယ်အရောင်းအဝယ်ဆိုင်အချို့ထံမှ သိရသည်။

“အခုတလော ဆိုင်ကယ်သူခိုးတွေ တအားပေါနေတယ်” ဟု မြိတ်တောင်နယ်မြေရှိ တစ်ပတ်ရစ် ဆိုင်ကယ် အရောင်းအဝယ်လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

အဆိုပါ ဆိုင်ကယ်အခိုးခံရမှုကို ကာယကံရှင်အချို့မှာ ရဲစခန်းတွင် အကြောင်းကြားတိုင်ကြားထား သော်လည်း ပြန်လည်ရရှိခြင်း မရှိသေးကြောင်း ကာယကံရှင်အချို့က ပြောဆိုသည်။

မော်ဒယ်မြင့် မော်တော်ဆိုင်ကယ်များ ဈေးနှုန်းမြှင့်တက်လာပြီးနောက် တစ်ပတ်ရစ်ဆိုင်ကယ်များ အရောင်းအဝယ် အဖြစ်များလာနေသည့်အချိန်တွင် ဆိုင်ကယ်ခိုးယူမှုများ နေ့တိုင်းနီးပါး ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း တစ်ပတ်ရစ်ဆိုင်ကယ် အရောင်းအဝယ်လုပ်ကိုင်သူတချို့က ပြောပြသည်။