ကျွန်းစု-မြိတ် အမြန်ရေယာဉ်များ ပုံမှန်ပြန်ပြေးဆွဲ

0
219
ကြံတိုင်းအောင် အမြန်ရေယာဉ် (FB)

မုန်တိုင်းအန္တရာယ်ကြောင့် ခေတ္တရပ်နားခဲ့ရသည့် ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ ပြေးဆွဲနေသည့် အမြန်ရေယာဉ်များ ယနေ့ (မတ် ၂၄) ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း အမြန်ရေယာဉ်ပိုင်ရှင်နှင့် ခရီးသည်များထံမှ သိရသည်။

ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ပြေးဆွဲနေသည့် အမြန်ရေယာဉ်သုံးစီးနှင့် ကုန်တင်ရေယာဉ်များအား မုန်တိုင်း အန္တရာယ်ကြောင့် နှစ်ရက်အကြာ ရပ်နားခဲ့ရပြီးနောက် ယနေ့တွင် ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြေင်း ၎င်းတို့က ပြောသည်။

“ဒီနေ့ကစပြီး သုံးစီးစလုံး ပြန်ထွက်နေပါပြီ။ သူ့အလှည့်နဲ့သူ ပြန်ထွက်နေပါပြီ” ဟု ဂန္ဓမာအမြန်ရေယာဉ်ပဲ့နှင်းက ပြောသည်။

လက်ရှိအချိန်တွင် ရွှေပင်ဂွင်းအမြန်ရေယာဉ်နှင့် ကြံတိုင်းအောင်အမြန်ရေယာဉ်နှစ်စီးပြေးဆွဲနေပြီး မနက်ဖြန်တွင် ဂန္ဓမာအမြန်ရေယာဉ်ပြေးဆွဲမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အနီရောင်အဆင့်အဖြစ်ကြေညာထားသည့် အားကောင်းသည့်မုန်တိုင်းငယ်မှာ ဆိုင်ကလုန်းမုန်တိုင်း အဆင့်သို့ မရောက်ခဲ့ဘဲ မတ်လ ၂၃ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းသို့ရောက်ရှိပြီးနောက် အားပျော့ပျယ် သွားပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

တနင်္သာရီကမ်းရိုးတမ်း ပင်လယ်ပြင်တွင်လည်း လှိုင်းအသင့်အတင့်ဖြစ်ပြီး တိုင်းအတွင်း နေရာကျဲကျဲ မိုထစ်ချုန်း ရွာမည်ဖြစ်ကြောင်း ယင်းဌာနက ထုတ်ပြန်ထားသည်။

ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ နေ့စဉ်ပြေးဆွဲနေသည့် အမြန်ရေယာဉ် သုံးစီးရှိပြီး တစ်စီးလျှင် တစ်နေ့ သုံးခေါက်နှုန်းဖြင့် အလှည့်ကျ ပြေးဆွဲလျှက်ရှိသည်။

ကျွန်းစုမှ မြိတ်သို့ အမြန်ရေယာဉ်မောင်းချိန် တစ်နာရီရှိပြီး အမြန်ယာဉ်တစ်စီးလျှင် အနည်းဆုံးခရီးသည် ငါးဆယ်မှ တစ်ရာဝန်းကျင်အခန့်အထိနေ့စဉ် လိုက်ပါလေ့ရှိသည်။