ရေဖြူ နဘုလယ်ဒေတွင် အမျိုးသားတစ်ဦး သတ်ခံရပြီး အုပ်ချုပ်ရေးမှူးနေအိမ် မီးရှို့ခံရ

0
295

ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသ ရလိုင်ရွာက ဒလန်ဟုဆိုသူ အမျိုးသားတစ်ဦး အသတ်ခံရပြီး ပရဒတ်ရွာ အုပ်ချုပ်ရေးမှူး၏ နေအိမ်မီးရှို့ခံရကြောင်း ဒေသခံများထံမှ သိရသည်။

အသက် ၅၈ နှစ်အရွယ်ရှိ ဦးမြင့်သားဆိုသူကို မတ်လ ၂၂ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဆိုင်ကယ်ဖြင့် အမျိုးသားနှစ်ဦးက လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ယင်းရွာက ဒေသခံတစ်ဦးက ပြောသည်။

ဦးခေါင်းတွင် ကျည်ထိမှန်သည့် ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း ၎င်းက ဆိုသည်။

၎င်းသည် ကံပေါက်ဒေသဖက်ကဖြစ်ပြီး ရလိုင်ရွာတွင် လာရောက်အခြေချနေထိုင်သည်မှ ဆယ်နှစ် ဝန်းကျင်ရှိပြီဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

အဆိုပါ ဆေးဆရာကို ပစ်သတ်ခဲ့ကြောင်း Dawei guerrilla revolutionary force (DGRF) အဖွဲ့နှင့် Launglone People Defense Force (LLPDF) အဖွဲ့တို့က မတ်လ ၂၃ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်ထားသည်။

၎င်းတို့အဖွဲ့နှစ်ခု ပူးပေါင်းစုံစမ်းစစ်ဆေးချက်အရ ဦးမြင့်သား ခေါ် ဆရာမျက်မှန်မှာ ဒလန်ဟု တွေ့ရှိသဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဦးမြင့်သားသည် အောက်လမ်းဆရာဟုလည်း ယင်းအဖွဲ့များက ထုတ်ပြန်ထားပြီး ဒေသခံများက ဆေးဆရာ၊ ဗေဒင်ဆရာဟုလည်း သိကြကြောင်း ပြောဆိုသည်။

ယင်းမြို့နယ် နဘုလယ်ဒေသရှိ ပရဒတ်ရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးမင်းမင်း၏ နေအိမ်မှာလည်း မတ်လ ၂၃ ရက်နေ့ ညနေ ၆ နာရီခန့်က မီးလောင်ကြောင်း ဒေသခံများက ပြောသည်။

“သူ့အိမ်မှာ ဗုံးထောင်ထားတဲ့ဆိုတဲ့သတင်းကြောင့် ဘယ်သူမှ ဝင်မငြှိမ်းရဲဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းမီလောင်မှုကြောင့် နေအိမ်ခြံဝင်းအတွင်းရှိ ကင်းတဲနှင့် နေအိမ်အပါအဝင် ကားဂိုဒေါင်တစ်ခု မီးလောင်ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သတ်၍ ရေဖြူ PDF အဖွဲ့ နှစ်ဖွဲ့ပူးပေါင်း၍ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့အစည်းများ၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

ပျူစောထီးဟုကျော်ဇော်သူ ဦးမင်းမင်းနှင့် ဇနီးဖြစ်သူမှာ လွန်ခဲ့သည့်တစ်ပတ်ခန့်ကပင် နေအိမ်တွင် မရှိတော့ကြောင်း ဒေသခံများထံမှ သိရသည်။

ယခင်က ယင်းနေအိမ်ဝိုင်းအတွင်းတွင် စစ်ကောင်စီတပ်များ စခန်းချပြီး ဒေသခံ ခရီးသွားများကို စစ်ဆေးခဲ့ကြောင်း ယင်းဒေသခံများက ပြောသည်။

နဘုလယ်ဒေသရှိ ပရဒတ်ကျေးရွာနဲ့ ဘဝါကမ်းခြေကျေးရွာကြားတွင် ပျူစောထီးတပ်ဖွဲ့ဝင်များနင့် PDF အဖွဲ့တို့ ပြီးခဲ့သည့်လပိုင်းက ထိတွေ့ပစ်ခတ်မှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။