ထားဝယ်တွင် အရက်ရောင်းခွင့်လိုင်စင်အသစ် ချမပေးသေးဟုဆိုသော်လည်း ဆိုင်အသစ်များတိုးလာ

0
745

ထားဝယ်ခရိုင်အတွင်း အရက်ရောင်းချခွင့် လိုင်စင် (ယစ်မျိုးလိုင်စင်) အသစ်ချပေးထားခြင်းမရှိကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးကပြောဆိုသော်လည်း ဒေသခံအချို့ကမူ ခရိုင်အတွင်း အရက်အမျိုးအမျိုးကို လက်လီ၊ လက်ကား ရောင်းချနေသည့် ဆိုင်အသစ်များကို တွေ့လာကြောင်း ဆိုသည်။

အရက်လိုင်စင်အသစ် ချပေးခြင်းမရှိဘဲ အရင်လိုင်စင် အဟောင်းများကိုသာ သက်တမ်း တိုးပေးခြင်း ရှိကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။

ထားဝယ်ခရိုင်အတွင်းရှိ ပြည်သူအချို့ကမူ လိုင်စင် ရှိမရှိကို သေသေချာချာ မသိရသော်လည်း ချက်အရက်ဆိုင် (အရက်ဖြူဆိုင်) အပါအဝင် နိုင်ငံခြားအရက်အမျိုးမျိုးကို လက်လီ၊ လက်ကား ရောင်းချသည့် ဆိုင်များအသစ်တိုးလာသည်ကို တွေ့နေရကြောင်း ပြောဆိုကြသည်။

ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးကမူ “လိုင်စင်အသစ် ချပေးထားတာမရှိလို့ တရားဝင်တော့ ရောင်းလို့မရဘူး” ဟု ဆိုသည်။

ဖေဖော်ဝါရီလအတွင်းက အရက်ဆိုင်အသစ်ဖွင့် ရောင်းချနေသည့် ဆိုင်တစ်ဆိုင်အား လိုင်စင်ကိစ္စ‌သွားရောက် မေးမြန်းခဲ့သော်လည်း ဖြေကြားရန် အကြောင်းမရှိဟုသာ ပြောဆိုခဲ့သဖြင့် မေးမြန်းခွင့်မရခဲ့ပေ။

ယခင်ကတည်းက ချက်အရက်ရောင်းချနေသူတစ်ဦးကမူ အချို့လိုင်စင်ရှိအရက်ဆိုင်ပိုင်ရှင်တို့မှာ အကြောင်းအမျိုးမျိုးကြောင့် ဆိုင်ပိတ်လိုက်ခြင်းမျိုးရှိသဖြင့် ယင်းသို့ ဆိုင်ပိတ်လိုက်သူတို့ထံမှ လိုင်စင် ပြန်ဝယ်ပြီး ဆိုင်အသစ်ဖွင့်ခြင်းလည်း ဖြစ်နိုင်ကြောင်း ရှင်းပြသည်။

“အခုချိန်မှာ လိုင်စင် မရှိဘဲနဲ့ အရက်ရောင်း မရဲကြဘူး။ ရောင်းနေတယ်ဆိုရင် အဲဒာက နားလည်မူနဲ့ လိုင်းကြေးပေးပြီး ရောင်းနေတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ်ရင် သူများဆီက လိုင်စင်ဝယ် သက်တမ်း တိုးပြီး ရောင်းတာလည်း ဖြစ်နိုင်တယ်” ဟု ၎င်း၏ အမြင်ကို ပြောဆိုသည်။

တနင်္သာရီတိုင်းအစိုးရအဖွဲ့က ၂၀၁၉ ခုနှစ်က ထုတ်ပြန်ထားသည့် စာရင်းအရ ထားဝယ်ခရိုင်တွင် အရက်၊ ဘီယာ ရောင်းချခွင့်လိုင်စင်ရဆိုင် ၂၅၈ ဆိုင်ရှိသည်။