တိုင်းအတွင်းသုံးနေသည့် ရသေ့ဆေး အသက်အန္တရာယ်ရှိကြောင်း ထိုင်းထုတ်ပြန်

0
624

တနင်္သာရီတိုင်းအတွင်း အသုံးပြုနေကြသည့် ထိုင်းနိုင်ငံထုတ် ရ‌သေ့ဆေးရည်တွင် အသက်အန္တရာယ် ဖြစ်စေသည့် စတီးရွိုက်ဆေးပြား‌များပါဝင်ကြောင်း ထိုင်းနိုင်ငံ စားသုံးသူရေးရာဦးစီးဌာနက ယနေ့ထုတ်ပြန် လိုက်သည်။

အဆိုပါ ရသေ့ဆေးရည်တွင် ကျောက်ကပ်လျင်မြန်စွာပျက်စီးစေသည့် စတီးရွိုင်ဆေးပြားနှင့် ရောင်ရမ်းမူကို သက်သာစေသည့်ဆေးပြားများ၊ အကိုက်အခဲပျောက်ဆေးများကို အလွန်အကျွံအသုံးပြုထားကြောင်း ထိုင်းနိုင်ငံ FDA က ထုတ်ပြန်ထားသည်။

ရသေ့ဆေးရည်သည် ခါးနာ၊ ဒူးနာ၊ အကြောရောဂါများကို ပျောက်ကင်းသည်ဟုဆိုကာ အွန်လိုင်းမှ တစ်ဆင့် တနင်္သာရီတိုင်းအတွင်း ကျယ်ကျယ်ပြန့်ပြန့်ရောင်းချနေပြီး သုံးစွဲသူများလည်း ရှိနေသည်။

ထားဝယ်မြို့တွင် တစ်ဘူးလျှင် ၇၅၀၀ ကျပ်ဖြင့် ရောင်းချပြီး ရောဂါပြင်းထန်းပါက တစ်နေ့ နှစ်ခွက် သောက်ရကြောင်း ထားဝယ်ခရိုင်တွင် ယင်းဆေးဘူးဖြန့်ဖြူး ရောင်းချနေသူအမျိုးသမီးတစ်ဦးက ဆိုသည်။

“ကျွန်မတို့က မှာတဲ့သူရှိရင် ထားဝယ်က ဒိုင်မှာသွားယူပြီး ပို့ပေးတယ်။ ပစ္စည်းများများယူရင်တော့ ဈေးလျှော့ပေးတယ်” ဟု ၎င်းအမျိုးသမီးက ပြောသည်။

‌ယင်းဆေးဘူးတွင် ထိုင်းဘာသာစကားများဖြင့်သာ ရေးသာထားပြီး သုံးစွဲနည်းကို ရောင်းချသူများ ပြောသည့်အတိုင်း သုံးစွဲနေကြောင်း ဆေးသုံးစွဲနေသူ အသက် ၆၇ နှစ်အရွယ် အဖွားတစ်ဦးက ဆိုသည်။

အဆိုပါ ရသေ့ဆေးတွင် အကိုက်အခဲပျောက်ဆေးများကို အမြောက်အများ ရောနှောအသုံးပြုထားသဖြင့် ချက်ချင်းရောဂါသက်သာသလို ခံစားရသော်လည်း နောက်ပိုင်းတွင် ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေပြီး အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း ထိုင်းနိုင်ငံ FDA က ထုတ်ပြန်သည်။

ထိုင်းနိုင်ငံရှိ ဆေးထုတ်လုပ်နေသည့်နေရာလေးခုအား ဝင်ရောက်ရှာဖွေခဲ့ရာ ရသေ့ဆေးပုလင်းပေါင်း နှစ်သောင်းကျော်၊ ကျောက်ကပ်ကို ပျက်စီးစေသည့် စတီးရွိုင်းဆေးပြား နှစ်သန်းကျော်၊ မှတ်ပုံတင်ထားခြင်း မရှိသည့် အကိုက်အခဲပျောက်ဆေးလုံး နှစ်သန်းကျော် စသည့်ဖြင့် ထိုင်းဘတ် ဆယ်သိန်းကျော်ခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။