မော်လမြိုင်တွင် သောက်ရေသန့် ဈေးတက်

0
644

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် သောက်ရေသန့် ၂၀ လီတာဗူးများ မတ်လ ၁၆ ရက်နေ့မှစပြီး နှစ်ရာကျပ် ဈေးနှုန်း တိုးမြှင့်မည်ဖြစ်ကြောင်း မော်လမြိုင်မြို့နယ်အတွင်းရှိ သောက်ရေသန့်စက်ရုံ လုပ်ငန်းရှင်တို့ထံမှ သိရသည်။

၂၀ လီတာ သောက်ရေသန့်တစ်ဗူးလျှင် ကျပ် ၅၀၀ ဖြင့် ဖြန့်ဖြူးရောင်းချနေရာမှ မတ်လ ၁၆ ရက်နေ့မှစကာ ကျပ် ၇၀၀ ဖြင့် ဈေးနှုန်းပြောင်းလဲသတ်မှတ် ရောင်းချသွားမည်ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

အထွေထွေကုန်ကျစရိတ် မြင့်မားလာမှုနှင့် စက်သုံးဆီဈေးနှုန်း မြင့်တက်လာခြင်းကြောင့် မော်လမြိုင် မြို့နယ်အတွင်းရှိ သောက်ရေသန့်လုပ်ငန်းရှင်များ တွေ့ဆုံညှိနှိုင်းကြပြီး ဈေးနှုန်း ပြောင်းလဲသတ်မှတ်ရန် သဘောတူဆုံးဖြတ်ကြကြောင်း သောက်ရေသန့်လုပ်ငန်းရှင်တို့ထံမှ သိရသည်။

“လုပ်ငန်းရှင်တွေအားလုံး တိုင်ပင်ကြပြီးတော့ ဒီဈေးနှုန်းနဲ့ သတ်မှတ်ရောင်းချဖို့ သဘောတူကြတယ်” ဟု သောက်ရေသန့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

၂၀ လီတာ သောက်ရေသန့်ဗူး ဈေးနှုန်းပြောင်းလဲသတ်မှတ်သည်နှင့် ပတ်သက်ပြီး သုံးစွဲသူပြည်သူတို့အား အသိပေးကြေညာထားပြီးဖြစ်ကြောင်း ‌ရေသန့်လုပ်ငန်းရှင်တို့က ဆိုသည်။

လက်ရှိတွင် ၂၀ လီတာဗူး သောက်ရေသန့်များသာ ဈေးနှုန်းပြောင်းလဲ သတ်မှတ်ထားပြီး ၁ လီတာဗူးနှင့် အခြားရေသန့်ဗူးများ မပါဝင်သေးကြောင်း ၁ လီတာဗူးနှင့် အခြားရေသန့်ဗူးများလည်း ဈေးတက်ရန် ရှိသေးကြောင်း ၎င်းတို့ထံမှ သိရသည်။

“အကုန်ဈေးတက်နေလို့ ခက်ခဲနေရတဲ့ကြား အခု ရေသန့်ပါ ဈေးလိုက်တက်တယ်။ တစ်ဗူး ၂၀၀ ဆိုတော့ များတယ်လေ” ဟု မော်လမြိုင် မြိုင်သာယာရပ်ကွက်နေသူတစ်ဦးက ပြောသည်။

မော်လမြိုင်မြို့နယ်အတွင်းတွင် သောက်ရေသန့်လုပ်ငန်း ၂၀ ဝန်းကျင်ရှိပြီး မြို့ပေါ်ရပ်ကွက်များသာမက မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအထိ သောက်ရေသန့်များ လိုက်လံဖြန့်ဖြူးရောင်းချ ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။