မြိတ်တွင် ရေတစ်ယူနစ် ၂၀၀၀ ကျပ်အထိ မြင့်တက်

0
240

မြိတ်မြို့ပေါ် ရပ်ကွက်အများစုတွင် အိမ်သုံးရေ တစ်ယူနစ်လျှင် ကျပ် ၂၀၀၀ အထိ ဈေးမြှင့်တက်နေကြောင်း ယင်းရပ်ကွက်များတွင် နေထိုင်သူတို့ထံမှ သိရသည်။

မြို့ပေါ်ရှိ အခြေခံလူတန်းစားအများစု နေထိုင်ကြသည့် မြိတ်တောင်နယ်မြေနှင့် မြိတ်တောင်ကျေးရွာအုပ်စု တို့ရှိ ရပ်ကွက်တို့တွင် မတ်လ ပထမပတ်မှစပြီး တစ်ယူနစ် ၂၀၀၀ ကျပ်အထိ ပေးဆောင်နေရကြောင်း ယင်းရပ်ကွက်နေသူများက ပြောသည်။

ရေတစ်ယူနစ်လျှင် ၁၂၀၀ ကျပ်မှ ၁၄၀၀ ကျပ်၊ ၁၇၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်အထိ တဖြေးဖြေး ဈေးနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း မြိတ်တောင်ကျေးရွာအုပ်စု ရာပြည့်ရပ်ကွက်နေသူအချို့က ပြောပြသည်။

“တစ်ယူနစ် နှစ်ထောင်ပေးရတာ ဆီဈေးတွေ တက်လာလို့တဲ့” ဟု ရာပြည့်ရပ်နေ အသက် ၄၀ နှစ်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ရေမီတာခများ ဈေးတက်လာသဖြင့် တစ်လလျှင် ရေဖိုးနှစ်ထောင်ကျပ်ခန့်အထိ ပိုကုန်နေ ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် မြိတ်တောင်နယ်မြေတွင် ဇန်နဝါရီလအတွင်းက တစ်ယူနစ်လျှင် ၁၃၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ ဈေးတက်ခဲ့ပြီး‌နောက် မတ်လ ဒုတိယအပတ်မှစပြီး ၂၀၀၀ ကျပ်ထိ ပေးဆောင်နေရကြောင်း ယင်းနယ်မြေရှိ ဇေယျာသီရိ (၄) ရပ်ကွက်နေ အသက် ၅၀ နှစ်ကျော်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ ဒီဇယ်ဆီဈေးနှုန်းမှာ တစ်ပီပါလျှင် ကျပ်ငါးသိန်းကျော်အထိ ဝယ်ယူထားရသဖြင့် ရေမီတာခ ဈေးနှုန်း တက်ရခြင်းဖြစ်ကြောင်း မြိတ်တောင်ကျေးရွာအုပ်စုတွင် ရေပေးဝေရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

“ဆီဈေးကျရင် ရေဈေး ကျမှာပါ” ဟု ၎င်းက ဆိုသည်။

သို့သော် မြို့သစ်နှင့် နောက်လယ်ရပ်ကွက်တို့တွင်မူ ရေတစ်ယူနစ် ၂၀၀၀ ကျပ်ဖြစ်နေသည်မှာ လေးလခန့် ရှိနေပြီဖြစ်ကြောင်း မြို့သစ်ရပ်နေသူအချို့မှ သိရသည်။

မြိတ်မြို့ပေါ်ရှိ ရပ်ကွက်တို့တွင် ရေပေးဝေရေးလုပ်ကိုင်နေကြသူတို့က နေအိမ်တို့တွင် ရေပိုက်လိုင်းနှင့် ရေမီတာတို့ တပ်ဆင်ပြီး သောက်သုံးရေများ ဖြန့်ဖြူးရောင်းချနေကြခြင်းဖြစ်သည်။