ဆီဈေးတက်သဖြင့် ခရီးသည်တင်ယာဉ်လိုင်းများ တွက်ခြေမကိုက်ဟုဆို

0
270
ပုံစာ-မြိတ် အဝေးပြေးကွင်းကို တွေ့ရစဥ်/Dawei Watch

ကိုဗစ် ကန့်သတ်ချက်ကြောင့် ကားလက်မှတ်ခများ ဈေးတင်ကာ ပြေးဆွဲနေသော်လည်း လက်ရှိတွင် စက်သုံးဆီဈေးမြင့်တက်လာသဖြင့် ခရီးတင်တင်ယာဉ်လိုင်းများ တွက်ခြေမကိုက်တော့ကြောင်း မြိတ်မြို့က ခရီးတင်ယာဉ်လိုင်းများထံမှ သိရသည်။

ကိုဗစ် ပြန်လည်ကူးစက်ပြန့်ပွားလာသဖြင့် မြိတ်မြို့မှ တိုင်းအတွင်းမြို့များနှင့် တိုင်းပြင်ပမြို့များသို့ ပြေးဆွဲနေကြသည့် ခရီးတင်ယာဉ်လိုင်းအားလုံး တင်ဆောင်နိုင်သည့် ပမာဏ၏ ထက်ဝက်ကိုသာ တင်ရန် တိုင်းကျန်းမာရေးဦးစီးဌာနက ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ညွှန်ကြားထားသည်။

ယင်းသို့ ခရီးသည်လျှော့၍ ပြေးဆွဲရသဖြင့် ကားလက်မှတ်ခကို ကျပ်တစ်သောင်း ဈေးတင် ကောက်ခံခဲ့ကြောင်း မြိတ်မြို့က ယာဉ်လိုင်းအချို့ထံမှ သိရသည်။

မြိတ်-ထားဝယ်ခရီးစဉ် ခရီးသည်တစ်ဦး ကျပ်တစ်သောင်းခွဲနှုန်း ကောက်ယူခဲ့ရာမှ ထပ်တိုးကာ ကျပ်နှစ်သောင်းခွဲ ကောက်ယူခြင်းဖြစ်ကြောင်း အဆိုပါယာဉ်လိုင်းအချို့ထံမှ သိရသည်။

သို့သော် ကိုဗစ်ကပ်ရောဂါကြောင့် ခရီးသည် သွားလာမှု ရှားပါးနေချိန်တွင် စက်သုံးဆီဈေးများ အဆမတန် မြင့်တက် လာသဖြင့် တွက်ခြေမကိုက်ခြင်းဖြစ်ကြောင်း ခရီးတင်ယာဉ်လိုင်းများထံမှ သိရသည်။

“(လက်မှတ်ခ) ပုံမှန်ဈေးနှုန်းနဲ့ပဲ သွားနေရတယ်။ ခရီးသည်နည်းရင်တော့ မကိုက်ဘူး။ လောလောဆယ် (ထပ်) တိုးကောက်လို့လည်း မရဘူးဖြစ်နေတယ်” ဟု မြိတ်-ထားဝယ် ခရီးသည်တင်ယာဉ်လိုင်းတစ်ခုမှ ယာဉ်မောင်း ကိုမင်းက ပြောသည်။

မတ်လ ၃ ရက်နေ့ မတိုင်မီက ဓါတ်ဆီတစ်လီတာ ၁၈၀၀ ရှိခဲ့ရာမှ လက်ရှိတွင် တစ်လီတာ ကျပ်နှစ်ထောင် ပေးဝယ်နေရပြီး ပရီမီယံဒီဇယ်ဆီသည်လည်း တစ်လီတာကို ၁၉၅၀ ကျပ်ပေးကာ ဝယ်ယူနေရကာ တစ်လီတာလျှင် ကျပ်နှစ်ရာနှုန်း အသီးသီး ဈေးမြင့်တက်သွားကြောင်း စက်သုံးဆီ ရောင်းချသူများနှင့် ယာဉ်မောင်းသူများက ပြောသည်။

စက်သုံးဆီဈေး အဆမတန်မြင့်တက်လာသော်လည်း ခရီးသည်လက်မှတ်ဈေးနှုန်းများ ပိုမိုကောက်ယူခြင်း မပြုလုပ်ရန် ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိကမော်တော်ယာဉ် ထိန်းသိမ်းရေးအသင်းက စာဖြင့် ညွှန်ကြားထားကြောင်း မြိတ်-ကော့သောင်းယာဉ်လိုင်းအသင်းမှ ယာဉ်မောင်းတစ်ဦးက ပြောသည်။

ဆီဈေးနှုန်းမြင့်လာသော်လည်း ခရီးသည်များအား ပေးနေသည့် ပုံမှန်ဝန်ဆောင်မှုအတိုင်း အိမ်အရောက် ကြိုပို့စနစ်ဖြင့်သာ သွားလာနေသေးကြောင်း ယာဉ်လိုင်းအချို့ထံမှသိရသည်။

မြိတ်ဒေသခံ ခရီးသွားပြည်သူတစ်ဦးက ကိုဗစ်ကြောင့် လက်မှတ်ခ ဈေးပိုပေးရပြီး လက်ရှိတွင် ဆီဈေး တက်လာခြင်းကြောင့် လက်မှတ်ခ ဈေးထပ်မံ ပိုပေးရခြင်း မရှိသေးကြောင်း ပြောသည်။

“လမ်းမှာ အစစ်အဆေးများတာ တစ်ခုကလွဲရင် (ဝန်ဆောင်မှု) ကျန်တာတွေ ပုံမှန်ပါပဲ” ဟု မတ်လ ၃ရက်နေ့တွင် ထားဝယ်မှ မြိတ်သို့ လာသည့် ၎င်းက ပြောဆိုသည်။

ဆီဈေးတက်ခြင်းကြောင့် ကားလက်မှတ်ခ ဈေးတင်လိုသော်လည်း ဈေးတင်မည်ဆိုလျှင် ယာဉ်လိုင်း ပေါင်းစုံက သက်ဆိုင်ရာဌာနဆိုင်ရာများထံ တင်ပြပြီး ခွင့်ပြုချက် ယူရမည်ဖြစ်ကြောင်း ခရီးသည်ယာဉ်လိုင်း အချို့ကို မေးမြန်းချက်အရ သိရသည်။

ဆီဈေး အခြေအနေကိုလည်း စောင့်ကြည့်နေသည့်အခြေအနေဖြစ်ကြောင်း ယင်းယာဉ်လိုင်းအချို့ထံမှ သိရသည်။