ထားဝယ်တွင် သေဆုံးသူရုပ်အလောင်းကို စစ်ဆေးရာ ကိုဗစ်တွေ့

0
228

ထားဝယ်မြို့၊ ညောင်ရမ်းတောင်ရပ်ကွက်တွင် သေဆုံးသွားသူမှာ ကိုဗစ်ဖြင့် သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးရာ ကိုဗစ်ပိုးတွေ့ကြောင်း နာရေးကူညီမှု-ထားဝယ်ထံမှ သိရသည်။

၎င်းမှာ ကိုဗစ် လက္ခဏာဖြင့် သေဆုံးခဲ့သည်ကိုတွေ့ရသောကြောင့် နာရေးကူညီမှုအသင်းကို အကူညီတောင်းလာသဖြင့် ယနေ့ စစ်ဆေးခဲ့ရာမှ ယင်းသို့တွေ့ရှိခြင်းဖြစ်ကြောင်း နာရေးကူညီမှု-ထားဝယ်၏ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

“စစ်လိုက်တော့ Positive သွားဖြစ်တယ်။ ဖြစ်သွားတော့ ချက်ချင်းသင်္ဂြိုဟ်ဆိုတာမျိုး ဖြစ်သွားတာပေါ့။ တကယ်လို့ မစစ်ဘဲနဲ့ထားရင် သူတို့ အိမ်မှာထားမယ်။ ဧည့်ခံမယ်။ သုံးရက်ကြာ သုံးရက်၊ နှစ်ရက်ကြာ နှစ်ရက်ပေါ့” ဟု ဦးအောင်နိုင်ဦးက ပြောသည်။

ယနေ့ မီးသင်္ဂြိုဟ်ရမည့် အလောင်း ကိုးလောင်းတွင် ထားဝယ်ဆေးရုံက အကြောင်းကြားလာသည့် ကိုဗစ်ဖြင့် သေဆုံးသည့် ရုပ်အလောင်း တစ်လောင်းနှင့် ညောင်ရမ်းတောင်ရပ်ကွက်မှ ကိုဗစ်ပိုးတွေ့သည့် ရုပ်အလောင်း တစ်လောင်းပါဝင်ကြောင်း ယင်းအသင်းထံမှ သိရသည်။

ကျန်ရှိသည့် ရပ်ကွက်နာရေးရုပ်အလောင်း ခုနစ်လောင်းမှာလည်း မစစ်ဆေးရသဖြင့် ကိုဗစ်ဖြင့် သေဆုံးခြင်း ဟုတ်မဟုတ် ဆိုသည်ကိုမူ မသိရကြောင်း ဦးအောင်နိုင်ဦးက ဆိုသည်။

ယင်းကြောင့် ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်နာရေးများအနေဖြင့် မတော်တဆမှုဖြင့်သေဆုံးသည့် ရုပ်အလောင်းမှ လွဲ၍ ကျန်သည့် ရုပ်အလောင်းတိုင်းကို ကိုဗစ်ရောဂါပိုး ရှိမရှိ၊ ကိုဗစ်ရောဂါဖြင့် ကွယ်လွန်ခြင်း ဟုတ်မဟုတ် စစ်ဆေးသင့်ကြောင်း ဦးအောင်နိုင်ဦးက တိုက်တွန်းပြောဆိုသည်။

ထားဝယ်တွင် ကိုဗစ်ရောဂါဖြင့် သေဆုံးသူ ရက်ဆက်ရှိလာပြီး ဖေဖော်ဝါရီလ ၁၉ ရက်မှ ယနေ့ ၂၇ ရက်နေ့အထိ ကိုးရက်အတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ခုနစ်ဦးရှိလာပြီဖြစ်ကြောင်း နာရေးကူညီမှု-ထားဝယ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ကိုဗစ် တတိယလှိုင်းဖြစ်ပွားခဲ့စဉ်က ထားဝယ်တွင် လူရာချီသေဆုံးခဲ့ပြီး အောက်ဆီဂျင်ပြတ်လပ်မှုနှင့်အတူ နာရေးကူညီမှုအသင်း အဖွဲ့များနှင့် ဆေးရုံ၊ ဆေးခန်းများမှာလည်း မနိုင်မနင်းဖြစ်ခဲ့ရသည့် အခြေအနေများကြုံခဲ့ရသည်။

ယခုနောက်ပိုင်းတွင် မင်္ဂလာဆောင်၊ အလှူ၊ မွေးနေ့၊ နာရေး စသည်တို့ကို အခမ်းအနားဖြင့် ဧည့်ခံနေသည့် အပြင် စားသောက်ဆိုင်နှင့် ဈေးဆိုင်၊ ဈေးသည်တို့မှာလည်း Mask မတပ်ဘဲ သွားလာစားသောက်၊ ရောင်းဝယ် ဖောက်ကားနေသည်ကို တွေ့ရသည်။

အထက်ပါကိစ္စများတွင် စည်းကမ်းလိုက်နာမှု မရှိသူများကို အခြေအနေပေါ်မူတည်ပြီး အမိန့်များ ထုတ်ပြန်ခြင်း၊ အရေးယူခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။

“အဓိကတော့ ပြည်သူတွေ လိုက်နာဖို့ လိုတာလေနော်။ Mask တွေတပ်ဖို့လည်း ကမ်ပိန်းတွေ လုပ်တယ်၊ လိုက်ဆော်ဩတယ်။ ဆော်ဩတာကို သူတို့က မလိုက်နာဘူးဖြစ်နေတာလေ။ တစ်မြို့လုံးနီးပါးက အပြင်ထွက်တဲ့သူတိုင်း လိုက်နာဖို့ လိုတာလေနော်” ဟု ၎င်းက ဆိုသည်။

ထားဝယ်တွင် အခြေခံကျောင်းသူ၊ ကျောင်းသားအချို့မှာ ကိုဗစ် ကူးစက်ခံထားရပြီး ဇမ္ဗူသီရိ အရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုနိုင်မျိုးသွင် အပါအဝင် အဖွဲ့သားအချို့လည်း ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရသည်။

ထားဝယ်တွင် ကိုဗစ်စတင်ဖြစ်ပွားသည့်ချိန်မှ ယနေ့ (ဖေဖော်ဝါရီ ၂၇) အထိ ကိုဗစ်ကြောင့် သေဆုံးသူ ၅၇၅ ရှိကြောင်း နာရေးကူညီမှု-ထားဝယ်၏ စာရင်းများအရ သိရသည်။