နှစ်ခြောက်လုံးနေ့ ထားဝယ်တွင် နေရာ လေးခုထက်မနည်း ဆန္ဒပြ

0
222

နှစ်ခြောက်လုံးနေ့ ထားဝယ်ခရိုင်သပိတ်ကို လောင်းလုံး၊ သရက်ချောင်း၊ ရေဖြူမြို့နယ် သုံးခုနှင့် ကံပေါက်ဒေသတွင် ယနေ့ (ဖေဖော်ဝါရီ ၂၂) နံနက်ပိုင်းတွင် ပြုလုပ်ကြကြောင်း ယင်းဆန္ဒဖော်ထုတ်မှုတွင် ပါဝင်သူများထံမှ သိရသည်။

“ပြန်လည်စုရုံး နှစ်ခြောက်လုံး” ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ လူစည်ကားသည့် ဈေးနှင့် လမ်းပေါ် ဆန္ဒဖော်ထုတ်ခြင်းဖြစ်ပြီး ဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင်ဖြုတ်ချရေးစသည့် ကြွေးကြော်သံများကိုလည်း ကြွေးကြော်ကြကြောင်း ၎င်းတို့ထံမှ သိရသည်။

အချို့မှာ အထက်ပါကြွေးကြော်သံ စာပြားများကိုင်ဆောင်ကာ အိမ်တွင်းသပိတ်တွင် ပါဝင်ခြင်း၊ ယင်းစာပြားများကို လမ်းများတွင်ချထားခြင်း စသဖြင့် ပုံစံအမျိုးမျိုးဖြင့်လည်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်ကို တွေ့ရသည်။

ပြည်သူလူထုတစ်ရပ်လုံး ပြန်လည်စုစည်း ရုန်းထကြဖို့ ရည်ရွယ်ကာ “ပြန်လည်စုရုံး နှစ်ခြောက်လုံး” သပိတ်ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ပြုလုပ်ကြာတာဖြစ်သည်။

ယင်းအပြင် မြန်မာ့ရိုးရာသနပ်ခါးများ လိမ်းကာ၊ ဦးထုတ် သို့မဟုတ် ခမောက် တစ်ခုခုကိုဆောင်း၍ လက်တွင် နှင်းဆီပန်း စသည် ပန်းတခုခုကိုင်ဆောင်ကာလည်း ယင်းသပိတ်တွင် ပါဝင်ကြကြောင်း ဆန္ဒဖော်ထုတ်သူများထံမှ သိရသည်။

ကြွေးကြော်သံများကို လူစည်ကားရာနေရာများတွင်ပြုလုပ်ပြီး ည ၈ နာရီတွင် သံပုံးများ တီးကြရန် သပိတ်ဦးဆောင်သူများက လူထုကို နိုးဆော်ထားသည်။

တိုင်းမြို့တော် ထားဝယ်နှင့် ကျေးလက်ဒေသများတွင် လမ်းပေါ်ထွက်ဆန္ဒပြရန် ခက်ခဲနေချိန်မှာပင် ယနေ့ဆန္ဒဖော်ထုတ်ရာတွင် လူဆယ်ဂဏန်းမှ ရာဂဏန်းအထိပါဝင်ကြကြောင်း ဆန္ဒဖော်ထုတ်မှုတွင် ပါဝင်သူများထံမှ သိရသည်။