ကျွန်းစုတွင် ခင်ပွန်းက ဓါးဖြင့်ခုတ်သဖြင့် ဇနီးသေဆုံး၊ သမီးဖြစ်သူလည်း ဒဏ်ရာရ

0
766

ကျွန်းစုမြို့နယ် ပဲ့တိုင်ကျေးရွာတွင် ခင်ပွန်းသည်က ဓါးဖြင့်ခုတ်သဖြင့် ဇနီးသည် သေဆုံးပြီး ဇနီးသည်ဘက်က ပါသည့် အသက် ၁၄နှစ်အရွယ် သမီးဖြစ်သူမှာလည်း ဒဏ်ရာ အပြင်းအထန်ရကြောင်း ယင်းကျေးရွာ ဒေသခံများထံမှ သိရသည်။

မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကျွဲခရံကျေးရွာအုပ်စု ပဲ့တိုင်ကျေးရွာတွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ဇနီးမောင်နှံ နှစ်ဦး စကားအခြေအတင်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူက တောခုတ်ဓါးဖြင့် ဇနီးဖြစ်သူကို ခုတ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

“ဖက် (အိမ်မိုးဓနိဖက်) ထိုးနေတုန်း ခုတ်လိုက်တာ ပွဲချင်းပြီးပဲ” ဟု ပဲ့တိုင်ရွာနေ အသက် ၃၀ နှစ်ကျော်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

ဇနီးဖြစ်သူအား ဓါးဖြင့်ခုတ်ပြီးနောက် ဇနီးသည်ဘက်က ပါသည့် သမီးဖြစ်သူအား ထပ်မံခုတ်ကြောင်း အထက်ပါအမျိုးသားက ပြောပြသည်။

ဓါးဖြင့် ခုတ်ခံရသည့် အသက် ၁၄ နှစ်ဝန်းကျင်ရှိ သမီးဖြစ်သူမှာ မြိတ်မြို့ရှိ စစ်ဆေးရုံတွင် စိုးရိမ်ရ လူနာ အဖြစ် ဆေးဝါးကုသမှုခံယူနေရကြောင်း ကရုဏာနာရေးကူညီမှုအသင်းထံမှ သိရသည်။

အဆိုပါ ဓါးဖြင့်ခုတ်သူ အသက် ၃၀ နှစ်ကျော်အရွယ် ခင်ပွန်းသည် အသက် ၄၀ အရွယ် သေဆုံးသူ ဇနီးသည်၏ နောက်အိမ်ထောင်ဖြစ်ကြောင်း ရွာသားအချို့က ပြောပြသည်။

အဆိုပါ အမျိုးသားကို သဇင်နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ထားကြောင်း ရွာသားများထံမှ သိရသည်။