ပဝကျေးရွာတွင် ရွာသားသုံးဦး ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံး

0
356

တနင်္သာရီမြို့နယ် ပဝကျေးရွာတွင် ရွာသားသုံးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံးသွားသည်ကို ယနေ့ (ဖေဖော်ဝါရီ ၁၉) နံနက်ပိုင်းက တွေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသွားသူနှစ်ဦးမှာ အသက် ၄၀ ဝန်းကျင်ရှိသည့် ဦးလှတင်နှင့် ဦးမျိုးအောင်တို့ဖြစ်ကြပြီး ဒဏ်ရာရရှိ သည့် နောက်ထပ်အမျိုးသားတစ်ဦးမှာလည်း စိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရသည်။

ပဝကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်မှစတင်ကာ စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး ရွာသားများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြကြောင်း ဒေသခံများက ပြောသည်။

ပစ်ခတ်ခံရသူ သုံးဦးမှာ ရွာတွင် စောင့်ရှောက်ကျန်ရစ်ခဲ့သူများဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ရွာသားများ ထွက်ပြေးတိမ်းရှောင်သွားစဉ် စစ်ကောင်စီတပ် ရွာ အတွင်း ဝင်ရောက်လာပြီး ယနေ့ နံနက် အစောပိုင်းတွင် ပြန်လည်ထွက်သွားကြောင်း ဒေသခံများက ပြောသည်။

ယင်းသို့ ထွက်သွားပြီးနောက် ရွာသားအချို့ ကျေးရွာသို့ လာရောက်ကြည့်ရှုရာ အထက်ပါ ရွာသား သုံးဦး ပစ်ခတ်ခံထားရသည်ကို တွေ့ရှိခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဒဏ်ရာရရှိသူကို ခေါ်ဆောင်လာခဲ့သော်လည်း သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းကို မယူဆောင်နိုင်ခဲ့သေးကြောင်း ဒေသခံအချို့ကို မေးမြန်းချက်အရသိရသည်။

လက်ရှိအချိန်တွင် ပဝရွာမအတွင်း ငြိမ်သက်နေပြီး ပဝရွာနှင့် တစ်ဆက်တည်းရှိသည့် လယ်သစ်ရွာ အနောက်ကမ်းသို့ စစ်ကောင်စီတပ်များ ယနေ့ နံနက်က ရောက်ရှိလာပြီး လယ်သစ်ရွာ အရှေ့ကမ်းသို့ ပစ်ခတ်မှုများ ပြုလုပ်နေကြကြောင်း လယ်သစ်ရွာသားများထံမှ သိရသည်။

“စစ်တပ်ဖက်ကပဲ ပစ်တာ။ PDF ဖက်က တစ်ချက်မှ ပြန်မပစ်ကြသေးဘူး။ အခုတော့ အသံတိတ်သွားပြီ” ဟု လယ်သစ်ရွာသားတစ်ဦးက ယနေ့ မွန်းလွဲ ၃ နာရီကျော်က ပြောသည်။

ပဝကျေးရွာနည်းတူ လယ်သစ်ကျေးရွာအရှေ့ကမ်း အနောက်ကမ်းတို့တွင် နေထိုင်သည့် ပြည်သူများသည်လည်း တောထဲသို့ တိမ်းရှောင်နေရကြောင်း ရွာသားများ ထံမှသိရသည်။

တိုက်ပွဲအတွင်း နှစ်ဖက်အထိအခိုက် အကျအဆုံးကိုမူ မသိရှိရသေးပါ။