ထားဝယ်တွင် ယနေ့ ကိုဗစ်ကြောင့် တစ်ဦးသေဆုံး

0
211

ကိုဗစ် ကူးစက်မှု နေ့စဉ် များပြားမြင့်တက်လာနေသည့် ထားဝယ်မြို့တွင် ယနေ့ (ဖေဖော်ဝါရီ ၁၉) ကိုဗစ်ကြောင့် သေဆုံးသူ တစ်ဦးရှိကြောင်း နာရေးကူညီမှု-ထားဝယ်က ထုတ်ပြန်ထားသည်။

ထားဝယ်ဆေးရုံကြီးက ကိုဗစ်ဖြင့် သေဆုံးသူရှိသည်ဟု အကြောင်းကြားလာသဖြင့် နာရေးကူညီမှု-ထားဝယ်က အလောင်းကို သယ်ယူကာ မီးသင်္ဂြိုဟ်ပေးခဲ့ရကြောင်း ယင်းအသင်းထံမှ သိရသည်။

အသက် ၅၉ နှစ်ခန့်ရှိ သေဆုံးသူ အမျိုးသမီးမှာ ရေဖြူမြို့နယ်က ဖြစ်ကြောင်း အထက်ပါအသင်းထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း ထားဝယ်မြို့၊ ဗျောတောဝရပ်ကွက်မှ အသက် ၅၂ နှစ်ခန့်ရှိ အမျိုးသမီး တစ်ဦး ကိုဗစ်ကြောင့် သေဆုံးခဲ့သဖြင့် မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း နာရေးကူညီမှု-ထားဝယ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ကိုဗစ်ဗီဇမျိုးကွဲသစ် အိုမီခရွန်တွေ့ရှိလာသည့် မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်များ တစ်ကျော့ပြန် တွေ့လာရပြီး ဖေဖော်ဝါရီလ ၁၈ ရက်က ထားဝယ်တွင် ကိုဗစ်-၁၉ ကူးစက်သူ ၃၇ ဦးရှိသည်ဟု တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

ကိုဗစ်ရောဂါမှာ ကူးစက်မှုများ ပြန်လည်မြင့်တက်လာသဖြင့် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားသည့် နည်းလမ်းများအတိုင်း ပူးပေါင်းဆောင်ရွက် လိုက်နာ ကြရန်လိုအပ်ကြောင်း ထားဝယ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိကူးစက်ဖြစ်ပွားနေသည့် ကိုဗစ် ရောဂါလက္ခဏာမှာ ချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်း၊ အသံဝင်ခြင်း၊ နှာရည်ယိုခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းများ အများဆုံးဖြစ်ပြီး အချို့မှာ ကိုယ်ပူခြင်း၊ ဖျားနာခြင်း စသည့်လက္ခဏာများလည်းတွေ့ရကြောင်း ၎င်းက ဆိုသည်။

“ဒီအချိန်မှာ ဖျားတယ်။ ချောင်းဆိုးတယ်ဆိုရင်တော့ သတိထားရမှာပေါ့” ဟု တာဝန်ရှိသူက ဆိုသည်။

ကိုဗစ် စတင်ဖြစ်ပွားသည့် ပထမလှိုင်းမှ ယခုဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ ကိုဗစ်ကြောင့် သေဆုံးသည့် အလောင်း ၅၇၂ လောင်းကို နာရေးကူညီမှု-ထားဝယ်က မီးသင်္ဂြိုဟ်ပေးခဲ့ရကြောင်း အထက်ပါအသင်းက ထုတ်ပြန်ထားသည်။