မြိတ် သံဃာ့ဆေးရုံရှိ ခေတ္တပိတ်ထားသည့် ဖျားနာကု အခမဲ့ဆေးပေးခန်း ပြန်ဖွင့်

0
184

မြိတ်မြို့ သံဃာ့ဆေးရုံရှိ ဖျားနာကု Fever Clinic အခမဲ့ ဆေးပေးခန်းကို ခေတ္တပိတ်ထားရာမှ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပြန်လည်ဖွင့်လိုက်ထားပြီဖြစ်ကြောင်း အဆိုပါဆေးခန်းထံမှ သိရသည်။

ဆေးပေးခန်းရှိ စေတနာ့ဝန်ထမ်းတို့၏ ပညာရေးအတွက် ကြိုးပမ်းနေကြရခြင်း၊ ကိုဗစ် တစ်ကျော့ပြန် ကူးစက် လာနိုင်ခြေများကြောင့် လုံခြုံမှုရှိအောင် ပြုပြင်မွမ်းမံရန်တို့အတွက် ဖေဖော်ဝါရီလ ၇ ရက်နေ့မှစပြီး ခေတ္တပိတ်ခဲ့ကြောင်း အဆိုပါဆေးပေးခန်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

လက်ရှိတွင် ဖျားနာ လူနာများ ပြန်လည် များပြားလာသည့်အတွက် Fever Clinic အခမဲ့ ဆေးပေးခန်းကို
ပြန်လည် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ယင်းဆေးခန်းထံမှ သိရသည်။

အဆိုပါ ဆေးပေးခန်းသည် ဖျားနာလူနာများအပြင် ကို‌ဗစ်ပိုးတွေ့လူနာတို့အား ကုသဆောင်ရွက်ပေးသည့် ဆေးပေးခန်းတစ်ခုဖြစ်သည်။

မြိတ်မြို့တွင် ကိုဗစ်ပိုး ကူးစက်မှုများပြားနေပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကိုဗစ်လူနာ ၂၃၀ ဦးကျော် တွေ့ရှိကြောင်း တိုင်းကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Fever Clinic အခမဲ့ဆေးပေးခန်းအား အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တို့တွင် နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲအချိန်အတွင်း ပြန်လည် ဖွင့်လှစ်မည်ဖြစ်ကြောင်း အဆိုပါဆေးပေးခန်းထံမှ သိရသည်။

အဆိုပါဆေးပေးခန်းအား မော်တောင်ဆရာတော်ဘုရားကြီး၏ ဩဝါဒဖြင့် စေတနာ့ဝန်ထမ်း ဆရာဝန်များ၊ သူနာပြုများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (မြိတ်) ၊ ကရုဏာ၊ ချမ်းမြေ့၊ ပါရမီ၊ လောဟိတဒါန၊ ပရဟိတကာရီ၊ တပ်ပြင်နာရေးဝန်ဆောင်မှု စသည့် ပရဟိတ အသင်းအဖွဲ့များ ပူးပေါင်းပြီး ပြန်လည် ဖွင့်လှစ်ခြင်းဖြစ်သည်။