သီဟိုစေ့ အထွက်နှုန်းလျော့သဖြင့် ဈေးတိုးပေးဝယ်သော်လည်း ရောင်းသူနည်း

0
640

ထားဝယ်ဒေသထွက် သီဟိုစေ့ တစ်ပိဿာကို ကျပ် ၂၇၀၀ ဝန်းကျင်အထိ ဈေးပေးဝယ်နေရသော်လည်း ယခုနှစ် အထွက်နှုန်းလျော့သဖြင့် ရောင်းသူနည်းကြောင်း ထားဝယ်မြို့တွင် သီဟိုစေ့ လက်လီလက်ကား အရောင်းအဝယ်ပြုလုပ်သူတစ်ဦးက ပြောသည်။

သီဟိုစေ့ ရာသီဖွင့်ဈေးမှာ တစ်ပိဿာကို နှစ်ထောင်ကျပ်ဖြစ်ပြီး လက်ရှိတွင် ၂၇၀၀ ကျပ်ဝန်းကျင် ဈေးနှုန်းဖြင့် ဝယ်ယူနေသော်လည်း ကုန်ချိန် အရနည်းကြောင်း ၎င်းက ဆိုသည်။

“အရင်နှစ်က အခုချိန်လောက်ဆို ကုန်ချိန် ပိဿာ လေးထောင်‌လောက်ရနေတယ်။ ယခုနှစ်က နှစ်ထောင်ကျော်ပဲ ရသေးတယ်” ဟု ၎င်းက ပြောဆိုသည်။

လောင်းလုံးမြို့နယ်ရှိ သီဟိုခြံပိုင်ရှင်တစ်ဦးက သီဟိုသီး ဝတ်ဆံထွက်ချိန် ဒီဇင်ဘာလနှင့် ဇန်နဝါရီလ အတွင်း နှင်းခါးရိုက်ခြင်း မိုးရွာခြင်းကြောင့် ဝတ်ဆံများကြွေကျကာ ယခုနှစ်မှာ အသီးထွက်နှုန်း ကျဆင်းကြောင်း ပြောသည်။

“ဒီနှစ်က နှမ်းခါးတွေကျပြီး ဝတ်ကြွေလို့ အသီးသိပ်မထွက်ဘူး။ အခုချိန်အထိ တစ်ပိဿမှ မရောင်းရသေးဘူး” ဟု အထက်ပါ ခြံပိုင်ရှင်က ဆိုသည်။

သီဟိုသီးသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးထွက်ရှိသည်။

သီဟိုသီးမှ ရလာသော သီဟိုစေ့ကို အခြောက်လှန်းပြီး စက်ရုံတွင် ရေနွေးငွေ့ဖြင့်ပေါင်းခံကာ ခွဲစက်ပေါ်တင် နှစ်ခြမ်းခွဲပြီး ရလာသော အစေ့ဆံကို ထုပ်ပိုးပြီး ပြည်တွင်း၊ ပြည်ပသို့ တင်ပို့ရောင်းချ ကြသည်။