ထားဝယ်တွင် ၁၂ရက်အတွင်း ၂၅ဦး ပြစ်ဒဏ်ချခံရ၊ အာဏာသိမ်းမှုဆန့်ကျင်၍ ပြစ်ဒဏ်ချခံရသူ ၁၂၀ ကျော်ရှိပြီ

0
296

ထားဝယ်ထောင်တွင် ၁၂ ရက်အတွင်း ပြစ်ဒဏ်ချခံရသူ ၂၅ ဦးအထိရှိပြီး အာဏာသိမ်းမှုကို ဆန့်ကျင်သဖြင့် ပြစ်ဒဏ်ချခံရသည့် အမျိုးသား ၁၂၂ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က (DPPN) က ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းချိန်မှ စတင်ကာ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ထားဝယ်အကျဉ်းထောင်ရှိ အထူးတရားရုံးတွင် အမိန့်ချခံရသည့် အမျိုးသားသီးသန့် စာရင်းဖြစ်ကြောင်း DPPN တာဝန်ရှိသူက ပြောသည်။

ဒီဇင်ဘာလ ၂၀ ရက်မှ ၃၁ ရက်နေ့အတွင်းတွင်မူ ထောင်ဒဏ်ချခံရသူ ၂၅ ဦးရှိကြောင်း အဆိုပါကွန်ရက်က ထုတ်ပြန်ထားသည်။

“အမိန့်ချခံရသူစာရင်းက ဒီထက်ပိုရင်လည်း ပိုနိုင်မှာပါ။ ဖမ်းဆီးခံရသူ စာရင်းကတော့ (အပြည့်အစုံ) ရဖို့ ခက်ခဲတယ်။ အခု အမိန့်ချခံရပြီးသူ စာရင်းတောင် ကျွတော်ပြန်လွတ်လာမှ လုပ်ရတာ” ဟု DPPN တာဝန်ရှိသူက ဆိုသည်။

အမိန့်ချပြီးသူ ၁၂၂ ဦးတွင် ၂၄ ဦးမှာ အောက်တိုဘာလက လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လည်လွတ်မြောက် လာကြောင်း ၎င်းက ပြောဆိုသည်။

ထောင်ဒဏ်အမိန့်ချပြီးသည့် အမျိုးသမီး နိုင်ငံရေးအကျဉ်းသားစာရင်းကို ရရှိနိုင်ရန် DPPN အနေနှင့် ကြိုးစားနေဆဲဖြစ်သည်ဟု ၎င်းက ပြောသည်။

ယခုနောက်ပိုင်း အမိန့်ချခံရသည့် နိုင်ငံရေးအကျဉ်းသားများတွင် နှစ်ရှည်ထောင်ဒဏ်ကျခံရသူများရှိပြီး ထိုအထဲတွင် တက္ကသိုလ်ကျောင်းသားများ၊ သမဂ္ဂအဖွဲ့ဝင်များနှင့် တက်ကြွသည့်လူငယ်များ အများဆုံး ပါဝင်သည်။

ထားဝယ်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အသက် ၁၉နှစ်အရွယ် ပဲအီး (ခေါ်) ကိုဝေယံဖြိုးနှင့် အသက် ၂၄ နှစ်အရွယ် ကိုဉာဏ်ဝင်းတို့ကို စစ်ကောင်စီက ဒီဇင်ဘာလ ၃၀ ရက်တွင် ထောင်ဒဏ် ၁၁ စီ ချမှတ်ခဲ့ သည်။

ယင်းအပြင် တိုင်းဝန်ကြီးချုပ်ဟောင်း ဦးမြင့်မောင်၊ ကိုဇင်မျိုးမင်းနှင့် ကိုချစ်နိုင်တို့ကိုလည်း ထောင်ဒဏ် ၁၁ နှစ်စီ ချမှတ်ခဲ့သည်။

Bee Tenasserim အဖွဲ့က မှတ်တမ်းပြုစုထားသည့် စာရင်းများအရ အာဏာသိမ်းကာလတွင် တနင်္သာရီ တိုင်းအတွင်း ဖမ်းဆီးခံရသူ နိုင်ငံရေးအကျည်းသား ၉၃၃ ဦးရှိပြီး စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူမှာ ၆၄ ဦးရှိကြောင်း ယင်းအဖွဲ့၏ တာဝန်ရှိသူက ဆိုသည်။

အမှန်တကယ်ဖမ်းဆီးခံရသူမှာ ယခုစာရင်းထက်ပိုမိုများပြားနိုင်ကြောင်း Bee Tenasserim အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။