တိုင်းအတွင်း CDM ဆရာ၊ ဆရာမ ခုနှစ်ထောင်ကျော်နေရာတွင် တစ်ရာကျော်သာပြန်ခန့်နိုင်သေး

0
493

တနင်္သာရီတိုင်းတွင် CDM ပြုလုပ်သည့် အခြေခံ ဆရာ၊ ဆရာမ ခုနှစ်ထောင်ကျော်၏ လစ်လပ်နေရာတွင် ဆရာ၊ ဆရာမအသစ် တစ်ရာကျော်သာ စစ်ကောင်စီက ပြန်ခန့်နိုင်သေးကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။

တိုင်းအတွင်း အခြေခံပညာ ဆရာ၊ ဆရာမ ၁၅၀၀၀ ကျော်ရှိပြီး စစ်တပ် အာဏာသိမ်းပြီးနောက်တွင် ဆရာ၊ ဆရာမ ၇၀၀၀ ကျော်မှာ CDM လုပ်ကြကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။

CDM ပြုလုပ်သည့် ဆရာ၊ ဆရာမများ၏ လစ်လပ်နေရာကို အစားထိုးခန့်အပ်နိုင်ရန်အတွက် စစ်ကောင်စီ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာက ဆရာ၊ ဆရာမအသစ်များကို မေလ နောက်ဆုံးအပတ်မှ ဇွန်လ ၁၅ ရက်နောက်ဆုံးထားပြီး လျှောက်လွှာခေါ်ယူခဲ့သည်။

ယင်းသို့ခေါ်ယူရာတွင် တိုင်းအတွင်း လျှောက်ထားသူ ၅၀၀ ကျော်ရှိကြောင်း အထက်ပါဌာနထံက သိရသည်။

အသစ်လျှောက်ထားသူ ၅၀၀ ထဲမှ ၁၃၀ ဦးကို အခြေခံပညာဦးစီးဌာနက နိုဝင်ဘာ ၅ ရက်နေ့တွင် အလုပ်ခန့်ထားပြီးဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“CDM နဲ့ ပင်စင်ယူတာနဲ့ဘာနဲ့ဆို တို့မှာ လက်ရှိက ၅၀ ရာခိုင်နှုန်းကျော်ကျော်နဲ့ ရှင်သန်နေရတယ်၊ သွားနေရတယ်” ဟု တာဝန်ရှိသူက ဆိုသည်။

ဆရာ၊ ဆရာမ ၇၀၀၀ ကျော်၏ လစ်လပ်နေရာတွင် ၁၃၀ ဦးသာ အစားထိုးခန့်အပ်နိုင်သဖြင့် တိုင်းအတွင်း ဆရာလိုအပ်ချက်က မြင့်မားလျှက်ရှိနေသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်လည်း ဆရာလိုအပ်ချက် မြင့်မားနေဆဲဖြစ်သဖြင့် အခြေခံပညာဦးစီးဌာနက ဆရာ၊ ဆရာမအသစ်များကို သတင်းစာတွင်ကြေညာကာ ဒုတိယအကြိမ် လျှောက်လွှာများ ထပ်မံခေါ်ယူလျှက်ရှိသည်။

တိုင်းအတွင်း အခြေခံပညာကျောင်းပေါင်း ၁၃၀၅ ကျောင်းရှိသည့်အနက် ၁၁၀၀ ခန့်သာ ဖွင့်လှစ်နိုင်ပြီး ဆရာ၊ ဆရာမ ၅၀ ရာခိုင်နှုန်းဖြင့်သာ သင်ကြားရေးအပိုင်းကို လည်ပတ်နေရကြောင်း အထက်ပါဌာနထံက သိရသည်။

ထားဝယ်မြို့က ၉ တန်းကျောင်းသူ တစ်ဦးကမူ ယခုပညာသင်နှစ်တွင် အင်္ဂလိပ်စာသင်ကြားသည့် ဆရာမ မရှိသဖြင့် ယင်းဘာသာရပ်ကို နိုဝင်ဘာလကုန်ထိ မသင်ကြားရသေးကြောင်း ပြောဆိုသည်။