တနင်္သာရီတိုင်းအတွင်း ကိုဗစ်ကြောင့်သေဆုံးသူ လျော့ကျ

0
153
ဓါတ်ပုံ - ထိုက်ငယ် (ဂရုဏာနာရေး ကူညီရေးအသင်း)

တနင်္သာရီတိုင်းအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ယခင်လကထက် လျော့ကျလာကြောင်း တိုင်းကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ချက်အရသိရသည်။

ထားဝယ်ခရိုင်တွင် ပြီးခဲ့သည့် နိုဝင်ဘာလတွင် ကိုဗစ်ကြောင့် သေဆုံးရသူ ၁၈ ဦးရှိခဲ့ရာက ယခုဒီဇင်ဘာလ ၃၀ ရက်နေ့အထိ သေဆုံးသူ လေးဦးသာ ရှိတော့ကြောင်း တိုင်းကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။

အလားတူ မြိတ်ခရိုင်တွင်လည်း ပြီးခဲ့သည့် နိုဝင်ဘာလက သေဆုံးသူ လေးဦးရှိခဲ့ပြီး ယခုဒီဇင်ဘာလ ၃၀ ရက်နေ့အထိ သေဆုံးသူ သုံးဦး ရှိတော့ကြောင်း အထက်ပါစာရင်းအရ သိရသည်။

ထားဝယ်ခရိုင်အတွင်း ယခုလ သေဆုံးသူ လေးဦးစလုံးမှာ ထားဝယ်မြို့နယ်တွင် နေထိုင်ကြသူများ ဖြစ်သည်။

အလားတူ မြိတ်ခရိုင်အတွင်း ယခုလ သေဆုံးသူ သုံးဦးစလုံးသည်လည်း မြိတ်မြို့နယ်အတွင်း နေထိုင်ကြ သူများဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့်လ (နိုဝင်ဘာ) က ထားဝယ်ခရိုင်တွင် သေဆုံးသူများမှာ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်း မြို့နယ်တွင် နေထိုင်သူများပါဝင်ပြီး ယခုလတွင် အဆိုပါမြို့နယ်များတွင် သေဆုံးသူ မရှိတော့ကြောင်း စာရင်းဇယားအရ သိရသည်။

အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလက မြိတ်ခရိုင်အတွင်း သေဆုံးကြသူများမှာ ပုလောမြို့နယ်နှင့် တနင်္သာရီ မြို့နယ်တို့ ပါဝင်ခဲ့ကြသော်လည်း ယခုလတွင် ယင်းမြို့နယ်များ မပါရှိတော့ပေ။

ကော့သောင်းခရိုင်တွင်မူ နိုဝင်ဘာနှင့် ဒီဇင်ဘာ နှစ်လအတွင်း ကိုဗစ်ကြောင့် သေဆုံးရသူ မရှိတော့ ကြောင်း တိုင်းကျန်းမာရေးဦးစီးဌါန၏ ဒီဇင်ဘာ ၃၀ ရက်ထိ ထုတ်ပြန်ချက်များအရ သိရသည်။

ကိုဗစ်ကြောင့်လပေါင်းများစွာ ပိတ်ခဲ့သည့် အဝေးပြေးယာဉ်လိုင်းများနှင့် လေကြောင်းလိုင်းအချို့လည်း တိုင်းအတွင်း ပုံမှန်ပြေးဆွဲနေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။