တောင်ပျောက်တိုက်နယ်တွင် စစ်တပ်က နယ်မြေရှင်းမည်ဟုဆိုကာ လမ်းကြောင်းပိတ်ဆို့

0
222

သရက်ချောင်းမြို့နယ် စော်ဖျားရွာအနီးဝန်းကျင်နှင့် တောင်ပျောက်တိုက်နယ်တခွင်တို့ကို စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်မည်ဟုဆိုကာ လမ်းကြောင်းများကို ယနေ့ (ဒီဇင်ဘာ ၂၃) စတင်ကာ ပိတ်ဆို့လိုက်ပြီ ဖြစ်ကြောင်း ဒေသခံအချို့ထံက သိရသည်။

စော်ဖျားရွာမှ တောင်ပျောက်တိုက်နယ်သို့ သွားသည့်လမ်းကြောင်းမှာ ဂငယ်ပုံသဏ္ဏန် လမ်းကြောင်း နှစ်ခုရှိသည်။

လမ်းကြောင်းတစ်ခုမှာ သဲချောင်းကြီးရွာ အဝင်အထွက်လမ်းကြောင်းဖြစ်ပြီး နောက်လမ်းကြောင်းတစ်ခုမှာ စော်ဖျားရွာမှ အင်းပြား၊ ကထီးဝ၊ ပဒတ်ချောင်း၊ တောင်ဇင်း စသည့်တောင်ပျောက်သို့ သွားသည့် လမ်းကြောင်း ဖြစ်သည်။

ထိုလမ်းကြောင်း နှစ်ခုစလုံးကို စစ်ကောင်စီတပ်က ပိတ်ဆို့လိုက်ပြီဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

“မနေ့တည်းက ကြေညာထားတယ် ထင်တယ်။ စစ်တပ်က တောထဲမှာနေတဲ့ ရွာသူရွာသားတွေ အားလုံး ကိုယ့်အိမ်ကိုယ်ပြန်ပေးကြပါ။ ဒီတစ်ပတ်မှာ သူတို့ စစ်ကြောင်းထိုးလာချိန် ပြည်သူတွေကို PDF တွေနဲ့ မှားပြီး ရောပစ်မိမှာစိုးလို့ ရွာထဲမှာ ကိုယ့် အိမ်ကိုယ် ပြန်နေပေးကြပါလို့ ပြောနေတယ်တဲ့” ဟု စော်ဖျား ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်ဟောင်းတစ်ဦးက ပြောသည်။

ယခင်ကတည်းက ထိုလမ်းကြောင်းနှစ်ခုစလုံးကို စစ်တပ်နှင့် ပျူစောထီးအဖွဲ့က ဝါးတားဂိတ်ဖြင့် လူအဝင် အထွက်၊ ယာဉ်အဝင်အထွက်များကို တားဆီးစစ်ဆေးနေပြီး ရိက္ခာသယ်ယူခွင့်ကိုလည်း ကန့်သတ်ထား ကြောင်း ဒေသခံအချို့က ဆိုသည်။

ယခင်က တစ်ရွာနှင့်တစ်ရွာ ကူးသန်းသွားလာမှု၊ ရောင်းဝယ်မှုနှင့် ဥယာဉ်ခြံသို့ သွားလာမှုများကို နံနက် ၄ နာရီမှ ည ၇ နာရီဝန်းကျင်ထိ သတ်မှတ်ခွင့်ပြုထားသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ယခုအခါ စော်ဖျားကျေးရွာအုပ်စုအပါအဝင် တောင်ပျောက်တိုက်နယ်တခွင်ကို စစ်တပ်က နယ်မြေရှင်းလင်း ရေး၊ စစ်ဆင်ရေးလုပ်မည်ဖြစ်သဖြင့် ဒေသခံများ ဥယာဉ်ခြံသို့ မသွားရန်၊ ဥယာဉ်ခြံအတွင်း နေထိုင်သူ များလည်း ဥယာဉ်ခြံက ထွက်ပေးရန်၊ ကျေးရွာတွင်းရှိ မိမိအိမ်တွင်သာ နေထိုင်ကြရန် လိုက်လံကြေညာမှု များလည်းရှိကြောင်း ဒေသခံအချို့က ပြောသည်။

ဥယာဉ်ခြံမှ ထွက်လာသည့် ဒေသခံများကို စော်ဖျားရွာရှိ စစ်ဆေးရေးဂိတ်မှ စစ်သားနှင့် ပျူစောထီးအဖွဲ့ဝင် အချို့က နောက်ရက်မှစ၍ ဥယာဉ်ခြံသို့ မသွားရန်၊ ဥယာဉ်ခြံထဲက ထွက်ပေးကြရန် ဒီဇင်ဘာ ၂၁ ရက် ကပင် ပြောဆိုမှုများရှိကြောင်း ကြာအင်းရွာမှ ဒေသခံရွာသားတစ်ဦးက ပြောသည်။

“နယ်မြေရှင်းလင်းရေးလုပ်ဖို့အတွက် ခြံလုပ်သားတွေ အကုန်လုံး ပြောင်းခိုင်းမယ်။ ပြီးရင်ခြံထဲမှာ တွေ့တဲ့ လူကို PDF ဆိုပုံစံမျိုး သတ်မှတ်ပြီး ပစ်ဖို့ အမိန့်ပေးဖို့ ပုံစံမျိုးပြောသံကြားတယ်။ ကျွန်တော့်အမျိုး တစ်ယောက်ကိုတောင် မနေ့ညနေက ခေါ်ထုတ်လိုက်သေးတယ်။ ညနေ ၆ နာရီ ထိုးလောက် အဲဒီဂိတ်ကို ဖြတ်တော့ အဲဒီဂိတ်က မနက်ကျရင် လုံးဝ မလာနဲ့တော့ဆိုပြီး ပြောလွှတ်လိုက်တယ်” ဟု ကြာအင်းရွာမှ ဒေသခံအမျိုးသားက ပြောသည်။

စော်ဖျားကျေးရွာရှိ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ် ၁၀ ဦးကျော်နှင့် ပျူစောထီးအဖွဲ့ဝင်အချို့ လက်နက်များကိုင်ဆောင်ကာ ဒေသခံများကို တားဆီးစစ်ဆေးနေသည်ဟု ဒေသခံအချို့က ပြောသည်။

အလားတူ တောင်ပျောက်တိုက်နယ်တွင်လည်း ဒေသခံများကို ဥယာဉ်ခြံထဲသို့ မသွားရန် စစ်ကောင်စီ တပ်က တားမြစ်ထားသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်ပြီး ရိက္ခာသယ်ယူမှုကိုလည်း ယခင်ကထက် ပိုမိုတင်းကြပ် လိုက်ကြောင်း သဲချောင်းကြီးရွာသားတစ်ဦးက ပြောသည်။

“ဟိုတနေ့က ခြံထဲမဝင်နဲ့ဆို သူတို့ပြောထားတာကို မသိလို့ သွားမိတာဖြစ်မယ်။ ရော်ဘာခြစ်သွားတာကို ဆိုင်ကယ်ပါ သိမ်းလိုက်တယ်တဲ့။ တောထဲကို မသွားခိုင်းထားဘူး။ တစ်ရွာနဲ့ တစ်ရွာလည်း သွားခွင့် မပြုဘူးဆိုပြောတယ်။ သူတို့ လမ်းပိတ်ထားတယ်ဆိုပြောတယ်” ဟု ရွာသားတစ်ဦး ကြုံရသည့် အဖြစ်အပျက်ကို သဲချောင်းကြီးရွာသားက ပြန်လည်ပြောဆိုသည်။

ယခင်ကဆိုလျှင် ဥယာဉ်ခြံထဲသို့ သွားရန် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးထံတွင် ထောက်ခံစာယူရပြီး မြို့တက် ဈေးဝယ်ရန်၊ ကွမ်းသီးတက်ရောင်းရန်အတွက်လည်း ထောက်ခံစာဖြင့် ၎င်းတို့၏ ခွင့်ပြုချက်ဖြင့် သာ သွားလာရကြောင်း ဒေသခံအချို့က ပြောသည်။

“လုံးဝပိတ်ချလိုက်တယ်ဆိုရင် ကျွန်တော်တို့အတွက် ထွက်ပေါက် မရှိတော့ဘူး။ ဒေသခံတွေအတွက် အရင်တုန်းကလိုပဲ စားနပ်ရိက္ခာတွေ ခက်ခဲလာမယ်။ စစ်ဘေးရှောင်တွေ တိုးလာနိုင်တယ်။ အခုကို ဆေးဝါး အခက်အခဲတွေ ရှိနေတယ်” ဟု တောင်ပျောက်တိုက်နယ်က ဒေသခံရွာသားတစ်ဦးက ဆိုသည်။

တောင်ပျောက်တိုက်နယ် အလယ်စုရွာက ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီးကို လိုင်စင်မဲ့ဟုဆိုကာ စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၁ ရက်နေ့က သိမ်းယူသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့တွင်လည်း အဆိုပါတိုက်နယ် မယ်ကဲရွာက ဘုန်းကြီးကားပေါ်က ဆန်အိတ်များကို သိမ်းယူသွားကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် တောင်ပျောက်တိုက်နယ်တွင် ကွမ်းသီးရောင်းရန် ကားဖြင့်တင်ပေးလိုက်သည့်ငွေကြေးကိုလည်း သဲချောင်းကြီးဂိတ်မှ စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင်တို့က ရာခိုင်နှုန်းဖြင့် အချိုးကျဖြတ်တောက် ယူမှုများရှိကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ တောင်ပျောက်တိုက်နယ်မှ ဒေသခံရွာသားက ပြောသည်။