မြန်မာလုပ်သား ခြောက်ဦးပါသည့် တရားမဝင်ငါးဖမ်းလှေ ထိုင်းတွင် အဖမ်းခံရ

0
207

မြန်မာရွှေ့ပြောင်းအလုပ်သမား ခြောက်ဦး လိုက်ပါသည့် တရားမဝင် ငါးဖမ်းလှေတစ်စီးကို ဒီဇင်ဘာလ ၁၇ ရက်နေ့က ထိုင်းပင်လယ်ပြင်တွင် ဖမ်းမိကြောင်း ထိုင်းအာဏာပိုင်များ ပြောသည်။

မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ကော့သောင်းမြို့တစ်ဖက်ရှိ ထိုင်းနိုင်ငံ ရနောင်းခရိုင် ကမောက်ကျွန်းအနီးတွင် ဖမ်းမိခြင်းဖြစ်ကြာင်း ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထိုင်းအာဏာပိုင်များက ပြောဆိုခဲ့သည်။

Sathaphon အမည်ရှိ အဆိုပါ ထိုင်းငါးဖမ်းလှေပေါ်တွင် ထိုင်းနိုင်ငံသား နှစ်ဦးနှင့် မြန်မာ ခြောက်ဦးတို့ ပါရှိပြီး တရားမဝင် ငါးဖမ်းနေ၍ ဖမ်းဆီးခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ထိုင်းနိုင်ငံ၏ ရေကြောင်းအမျိုးသားအကျိုးစီးပွားဗဟိုဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၏ တရားမဝင် ငါးဖမ်း စောင့်ကြည့်ရေးစင်တာ (FMC) က တွေ့ရှိပြီး သက်ဆိုင်ရာဌာနတို့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောဆိုသည်။

ဖမ်းဆီးမိသည့် မြန်မာအလုပ်သမား ခြောက်ဦးနှင့် ထိုင်းနိုင်ငံသား နှစ်ဦးတို့ကို ဥပဒေအရ အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတို့သည် ထိုင်းနိုင်ငံတွင်းသို့ တရားမဝင်လမ်းကြောင်းတို့မှ ဝင်ရောက်မှုများ ရှိနေပြီး ပင်လယ်ငါးဖမ်းလှေတို့တွင် လုပ်ကိုင်ကြသူ အများအပြားရှိကြသည်။