ဝေဒီရွာသားတစ်ဦး၏ နေအိမ် ချိတ်ပိတ်ခံရ

0
212

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ဝေဒီကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးရာမှ ထွက်ပြေး လွတ်မြောက်သွားသည့် ဒေသခံတစ်ဦး၏ နေအိမ် ဒီဇင်ဘာလ ၁၇ ရက်တွင် ချိတ်ပိတ်ခံရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဝေဒီကျေးရွာ မြောက်ပိုင်းတွင် နေထိုင်သည့် ကိုစိုးပိုင်ဆိုသူသည် ဒီဇင်ဘာလ ၁၆ ရက် ညဘက် အပြင်ထွက်ရာ ယင်းရွာဈေးအနီးရှိ ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် များက လိုက်လံဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဝေဒီကျေးရွာ ဈေးအနီးရှိ ဘုန်းကြီးကျောင်း၌ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းနောက် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ကိုစိုးပိုင်၏ နေအိမ်ကို ချိတ်ပိတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“မနက်ကျတော့ သူ့(ကိုစိုးပိုင်) ကို အိမ်မှာ လာရှာကြတယ်။ သူက ထွက်ပြေးသွားကတည်းက သူ့မိန်းမကိုပါ တစ်ခါတည်း ခေါ်သွားတာဖြစ်မယ်။ အိမ်မှာလာရှာတော့ လူမတွေ့လို့ အိမ်ကို ချိတ်ပိတ်သွားတာ” ဟု ၎င်းဒေသခံက ရှင်းပြသည်။

ဒီဇင်ဘာလ ၁၅ ရက်ကလည်း ညဦးပိုင်းအပြင်ထွက်သည့် ဒေသခံသုံးဦး အဖမ်းခံခဲ့ရသေးသည်ဟု ဒေသခံ အချို့က ဆိုသည်။ ဒေသခံအချို့၏ ဆိုင်ကယ်အချို့လည်း လိုင်စင်မရှိဟုဆိုကာ ငွေဒဏ်ရိုက်ခဲ့ကြောင်း ၎င်းတို့က ပြောဆိုကြသည်။

မည်သည့်အကြောင်းအရင်းကြောင့် ဝေဒီရွာတွင် စစ်တပ်က တပ်လာစွဲသည်ကို မသိရသေးကြောင်း ဒေသခံများက ပြောဆိုသည်။

သို့သော်လည်း ဒီဇင်ဘာလ ၉ ရက်ကမူ ယင်းကျေးရွာအနီးရှိ အင်းဇောက်ကျေးရွာ၌ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးပေါက်ကွဲမူ ဖြစ်ပွားခဲ့ဖူးသည်။

တနင်္သာရီတိုင်းတွင် ချိတ်ပိတ်ခံရသည့်နေအိမ် အနည်းဆုံး ၉ ဆောင်ရှိပြီဖြစ်သည်။