လောင်းလုံးတွင် စစ်ကြောင်းများတက်လာသဖြင့် ဥယျာဉ်ခြံနှင့် ရေလုပ်သားများ စိုးရိမ်

0
379
စစ်ကောင်စီစစ်တပ် စစ်ကြောင်းများ တက်လာသည့် ကဒက်ငယ်ထိန်ကျေးရွာနှင့် တီဇစ်ကျေးရွာအကြားရှိ တောင်ကြော

လောင်းလုံးမြို့နယ်တောင်ဘက် ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ကျေးရွာနှင့် တီဇစ်ကျေးရွာအနီးရှိ တောင်ကြောတွင် စစ်ကောင်စီစစ်တပ် စစ်ကြောင်းများ တက်လာသဖြင့် ဒေသခံ ‌ဥယျာဉ်ခြံ အလုပ်သမား များနှင့် ရေလုပ်သားများ စိုးရိမ်ကာ အလုပ်သို့ မသွားရဲဖြစ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ယနေ့ (ဒီဇင်ဘာ ၇) နံနက် ၇ နာရီခန့်တွင် စစ်တပ်က ကဒက်ငယ်ထိန်ကျေးရွာရှိ နဘေထပ်တောင်ပေါ်သို့ စစ်ကြောင်းထိုးတက်သွားခဲ့ပြီး ၁၀ နာရီကျော်တွင်လည်း တီဇစ်ကျေးရွာဖက်သို့ စစ်သားများ ကားဖြင့် ဝင်သွားသည်ကို မြင်ရကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းကဲ့သို့ စစ်ရေးလှုပ်ရှားမှု ရှိနေသဖြင့် ကဒက်ငယ်ထိန်ရွာက ဥယျာဉ်ခြံအလုပ်သမားများနှင့် တီဇစ် ကျေးရွာက ရေလုပ်သားများ အလုပ် မသွားရဲတော့ကြောင်း ယင်းဒေသခံတို့က ပြောကြားသည်။

“အဓိကတော့ တိုက်ပွဲဖြစ်မှာကို စိုးရိမ်တာပါ” ဟု တီဇစ်ဒေသခံတစ်ဦးက ဆိုသည်။

တီဇစ်ကျေးရွာအနီးက ဘူထောင့်ဟုခေါ်သည့် ရေလုပ်သားများနေထိုင်ရာ တောတောင်ထဲတွင် PDF များ ရှိသည်ဟု ယူဆချက်ဖြင့် စစ်ကြောင်းထိုး ရှာဖွေခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ခန့်မှန်းကြသည်။