ကော့သောင်းရောက် ငါးရာတန် ဇလုံထမင်း

0
516

ကျပ်ငါးရာတန် တန်ဖိုးနည်း ဇလုံထမင်းခေတ်စားနေချိန်တွင် မြန်မာနိုင်ငံ၏ တောင်ဘက်အစွန်း ကော့သောင်းမြို့တွင်လည်း ဇလုံထမင်း စတင်ရောင်းချလာသည်။

ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်ရှိ အဝိုင်းပတ်လမ်းဆုံတွင် ရွှေအဏ္ဏဝါ ပရဟိတလူငယ်အဖွဲ့က ဒီဇင်ဘာလ ၇ ရက်နေ့မှ စတင်ကာ ရောင်းချနေကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ကော့သောင်းမြို့သည် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမား အများအပြားရှိသည့် မြို့ဖြစ်သည်။

တစ်ခါစားလျှင် ငွေကျပ်ငါးရာ သတ်မှတ်ထားပြီး ကြက်သားဟင်းတစ်ခွက်၊ ဟင်းချို၊ ငါးပိတို့စရာ ပါရှိပြီး ထမင်းကိုမူ အဝစားနိုင်ကြောင်း ရွှေအဏ္ဏဝါ ပရဟိတလူငယ်အဖွဲ့ဥက္ကဋ္ဌ ဦးခိုင်စိုးက ရှင်းပြသည်။

လက်ရှိတွင် နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိသာ ရောင်းချနေပြီး နောက်ပိုင်းလုပ်နိုင်သည့် အနေအထား အပေါ်မူတည်ကာ အချိန်ထပ်တိုးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“နိုင်ငံရေးအခြေအနေတွေနဲ့ ကျန်းမာရေးအခြေအနေတွေကြောင့် ပြည်သူလူထုမှာ စားဝတ်နေရေး အခက်အခဲတွေ ရှိတယ်။ အဲဒီတော့ မရှိဆင်းရဲသားတွေ၊ လက်လုပ်လက်စားတွေ၊ ဆိုင်ကယ်ဆွဲတဲ့သူတွေ သွားရင်းလာရင်း စားလို့ရတာပေါ့” ဟု ဦးခိုင်စိုးက ပြောသည်။

ကုန်ထမ်းသမား၊ ဆိုင်ကယ်ကယ်ရီသမားနှင့် ပဲ့ချိတ်သမားများရှိရာ ကမ်းနားလမ်းတွင် ရောင်းချ လိုသော်လည်း ချက်ပြုတ်ရေး၊ သယ်ယူရမည့် အခက်အခဲနှင့် ရောင်းချမည့်နေရာ အခက်အခဲများကြောင့် လက်ရှိနေရာတွင်သာ ရောင်းချနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံနေရာအနှံ့၌ ကျပ်ငါးရာတန် ဇလုံထမင်းရောင်းချသူ များပြားလာသည်။ ယင်းဆိုင်များကို ပြည်သူများကလည်း လာရောက် ထောက်ပံ့ကူညီပေးကြသည်ကို တွေ့ရသည်။