စော်ဖျားရွာတွင် အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီးနောက် ပျူစောထီးများ သေနတ်ပစ်ဖောက်၊ ဆန္ဒပြရာတွင် ကူညီပေးသူတစ်ဦးလည်း ရော်ဘာခြံတွင် သေဆုံး

0
246

သရက်ချောင်းမြို့နယ် စော်ဖျားရွာတွင် ဒီဇင်ဘာလ ၃ ရက် နံနက် ၃ နာရီခွဲခန့်က အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် ကျေးရွာအတွင်း ပျူစောထီးအဖွဲ့ဝင်များ သေနတ် ပစ်ဖောက်ကြကြောင်း ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။

ယင်းအပြင် ဆန္ဒပြရာတွင် ကူညီပေးသဖြင့် ခြိမ်းခြောက်ခံရသောကြောင့် ရော်ဘာခြံတွင် တိမ်းရှောင်နေသူ အမျိုးသားတစ်ဦးလည်း ဒီဇင်ဘာလ ၃ ရက်နေ့ညတွင် ဦးခေါင်း ထိခိုက်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း ၎င်းတို့က ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ အသက် ၄၅နှစ်အရွယ် ဦးဖိုထူးဖြစ်ပြီး ရော်ဘာခြံအတွင်း ရော်ဘာခြစ်နေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကာ ပေါင်တွင် ကျည်ထိမှန်ကြောင်း ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“ဒဏ်ရာတော့ မပြင်းဘူး။ လောလောဆယ်တော့ ဆေးခန်းပြနေတယ် ထင်တယ်။ ဘယ်သူတွေ လာပစ်လဲ ဆိုတော့ သူ့ကိုပစ်သွားတဲ့ ကျည်က ပွိုင့် 22 နဲ့ ပစ်တယ်။ ပွိုင့် 22 ကိုင်လူတွေပဲ ဖြစ်မှာပေါ့” ဟု ၎င်းက ဆိုသည်။

ဦးဖိုးထူးအား မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လာရောက် ပစ်ခတ်ခဲ့သည်ကိုမူ မသိ ကြောင်း အဆိုပါမိသားစုဝင်က ပြောဆိုသည်။

ဦးဖိုးထူးသည် ပျူစောထီးအဖွဲ့ဝင် ဒလန် စသဖြင့် ကျေးရွာအတွင်း ပြောဆိုနေမှုများရှိနေပြီး ၎င်း၏ အစ်ကို ဖြစ်သူမှာလည်း ပျူစောထီးအဖွဲ့ ခေါင်းဆောင်ဟု ပြောဆိုနေကြကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ဦးဖိုးထူး၏ အစ်ကိုဖြစ်သူကမူ ၎င်းမှာ ပျူစောထီးအဖွဲ့ခေါင်းဆောင် မဟုတ်ဟု ငြင်းဆိုသည်။

အဆိုပါ ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့ပြီးနောက် ည ၉ နာရီခွဲခန့်တွင် စော်ဖျားရွာအတွင်း ပျူစောထီးအဖွဲ့ဝင်များက သေနတ်များ ဆက်တိုက်ပစ်ဖောက်ခဲ့ကြပြီး ယင်းညတွင်ပင် အသက် ၃၈ နှစ်အရွယ် ကိုညီနိုင်ဆိုသူ ၎င်း၏ ရော်ဘာခြံအတွင်း သေဆုံးနေကြောင်း ဒေသခံအချို့က ပြောသည်။

သေဆုံးသူ အမျိုးသား၏ ရုပ်အလောင်းကို ယနေ့ (ဒီဇင်ဘာ ၄) နံနက်၌ ၎င်း၏ ရော်ဘာခြံအတွင်း တွေ့ရ သည်ဟု ဒေသခံအချို့က ပြောသည်။

ကိုညီနိုင်မှာ လေဖြတ်၍ သေဆုံးသလိုလို သတင်းများထွက်ပေါ်နေပြီး ပျူစောထီးအဖွဲ့ဝင်များက လုပ်ကြံ သည်ဟုလည်း ကျေးရွာတွင်း ပြောဆိုနေကြကြောင်း စော်ဖျားရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အစတုန်းက သူက ဆန္ဒပြရာမှာ ကားတွေ ဘာတွေလည်း လိုက်ပေးတယ်၊ ကားတွေ ဘာတွေကို ထွက် မရဘဲ နေအောင် သူက ခြိမ်းခြောက်ခံနေရတယ်။ အဲဒီလို ခြိမ်းခြောက်လို့ သူက တောထဲမှာ (ရော်ဘာခြံ) ရှောင်ပြီး နေနေရတယ်၊ ညတုန်းက ပျူစောထီးတွေက သေနတ်ပစ်နေကြတာဆိုတော့ ပျူစောထီးက ပစ်တယ်လို့ပဲ လူတွေက သတ်မှတ်နေကြတယ်” ဟု ၎င်းက ဆိုသည်။

သေဆုံးသူ၏ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာ အနည်းငယ် တွေ့ရပြီး သေနတ်ကျည် ထိမှန်ထားသည့် ဒဏ်ရာ မတွေ့ရကြောင်း အထက်ပါ အမျိုးသမီးက ပြောသည်။

သရက်ချောင်းမြို့နယ်တွင် ဒလန်ရှင်းလင်းရေးများ ဆက်တိုက်ဖြစ်ပေါ်လျှက်ရှိပြီး စစ်တပ်ပိုင် Mytel တာဝါတိုင် မိုင်းခွဲတိုက်ခိုက်ခံရမှု ဖြစ်စဉ်များလည်း ဖြစ်ပေါ်နေသည်။

ကျေးရွာအချို့တွင် မငြိမ်မသက်ဖြစ်မှုကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်သူများ၊ PDF အဖွဲ့ဝင် များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ စစ်ကောင်စီကို ထောက်ခံသူများ၊ ပျူစောထီးအဖွဲ့ဝင်နှင့် ၎င်းတို့၏ မိသားစုဝင်များ စသဖြင့် နှစ်ဖက်စလုံးတွင် အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ ခြိမ်းခြောက်ခံနေရပြီး ဒေသခံ အချို့မှာလည်း နှစ်ဖက် ပဋိပက္ခကြောင့် ရှောင်တိမ်းနေထိုင်ကြရသည်။