7 Day သတင်းထောက်ဟောင်း အပါအဝင် ထားဝယ်တွင် လူငယ်သုံးဦး ထပ်ဖမ်းခံရ

0
440

ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂအတွင်းရေးမှူး၊ 7 Day ဂျာနယ် သတင်းထောက်ဟောင်း အပါအဝင် ထားဝယ်မြို့တွင် လူငယ်သုံးဦး ယနေ့ နိုဝင်ဘာလ ၃၀ ရက် နံနက်ပိုင်းက ထပ်မံအဖမ်းခံလိုက်ရကြောင်း သိရသည်။

အဖမ်းခံလိုက်ရသူများမှာ ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအတွင်းရေးမှူး ကိုထူးမြတ်လွင်၊ 7 Day ဂျာနယ်သတင်းထောက်ဟောင်း ကိုစိုင်းကိုကိုထွန်းနှင့် မလဝန်းပြည့်ပြည့်ထွန်းတို့ ဖြစ်ကြသည်။ ကိုစိုင်းကိုကိုထွန်းနှင့် မလဝန်းပြည့်ပြည့်ထွန်းတို့မှာ မောင်နှမတော်စပ်သည်။

အဆိုပါလူငယ်သုံးဦးသည် ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်ရှိ ကိုစိုင်းကိုကိုထွန်း၏နေအိမ်တွင်ရှိနေစဉ် အဖမ်းခံလိုက်ရခြင်းဖြစ်ကြောင်း ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သိရသလောက်ကတော့ မနက် ၆ နာရီလောက်မှာ အရပ်ဝတ်တွေနဲ့ ဝင်ဖမ်းသွားတယ်လို့ပဲသိရသေးတယ်။ ဘယ်ကိုဖမ်းသွားတယ်ဆိုတာမျိုးအသေးစိတ်မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။

ကိုထူးမြတ်လွင် ထားဝယ်ခရိုင်သပိတ်ကော်မတီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဆန္ဒပြသပိတ်ဦးဆောင်သူတစ်ဦးဖြစ်ကြောင်း ယင်းကော်မတီက သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကိုစိုင်းကိုကိုထွန်းမှာ စစ်အာဏာမသိမ်းမီကတည်းက 7 Day သတင်းဌာနမှ အလုပ်ထွက်ထားသူဖြစ်ပြီး လက်ရှိတွင် အဆိုပါသတင်းဌာနမှာလည်း ပိတ်သိမ်းခံထားရသည်။

ယခင်ရက်ပိုင်းအတွင်း ထားဝယ်နှင့် မြိတ်မြို့တို့မှ တက္ကသိုလ်ကျောင်းသားများအပါအဝင် လူငယ် ၁၅ ဦးခန့် ဖမ်းဆီးခံထားရပြီး အချို့မှာ မိသားစုဝင်များနှင့် အဆက်အသွယ်မရဘဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။