မြန်မာရွှေ့‌‌ပြောင်း အလုပ်သမား ၁၄၀ ကျော် ကော့သောင်း ပြန်ပို့

0
205

ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ပြီဖြစ်သည့် မြန်မာရွှေ့‌‌ပြောင်းအလုပ်သမား ၁၄၀ ဦး‌ကျော်တို့အား နိုဝင်ဘာလ ၂၈ ရက်နေ့က ကော့သောင်းဘက်သို့လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတို့တွင် အမျိုးသား ၉၂ ဦး၊ အမျိုးသမီး ၄၄ ဦး၊ ကလေး ကျား ၆ ဦးနှင့် ၊ ကလေး ( မ ) ၁ ဦး၊ စုစုပေါင်း ၁၄၃ ဦးတို့ ပါဝင်ကြောင်း FBD ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းထံမှ သိရသည်။

အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများမှာ အ‌ကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရပြီး ထိုင်းနိုင်ငံ ရနောင်းခရိုင်ရှိ လူဝင်မူကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း၌ ပြစ်ဒဏ်များကျခံပြီးသူများဖြစ်ကြသည်။

ပြန်လည်ရောက်ရှိလာသူတို့သည် ကွာရန်တင်းစခန်းဝင်ရောက်ပြီးမှသာ သက်ဆိုင်ရာနေရပ်အသီးသီးသို့ ပို့ဆောင်ပေးရကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ သိရသည်။

ကော့သောင်းဘက်သို့ ပြန်လည်ရောက်ရှိလာသူတို့အား ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အစားအစာများနှင့် ကိုဗစ်နိုင်တီး၊ လုံခြုံစိတ်ချရသည့် ရွှေ့ပြောင်းနေထိုင်မှုနှင့် လူကုန်ကူးမှုတို့နဲ့ ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀၀ ဦးနီးပါး ပြန်လည်ရောက်ရှိလာခဲ့ပြီးဖြစ်သည်။