သရက်ချောင်း သူရဲတောင်ရွာအုပ်ချုပ်ရေးမှူးဟောင်း ပစ်သတ်ခံရ

0
555

သရက်ချောင်းမြို့နယ် သူရဲတောင်ရွာတွင် နိုဝင်ဘာလ ၂၆ ရက် ညနေ ၅ နာရီခွဲခန့်က သူရဲတောင်ရွာ အုပ်ချုပ်ရေးမှူးဟောင်း သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

အုပ်ချုပ်ရေးမှူးဟောင်းဦးအောင်ဝင်းမှာ စစ်တပ်သတင်းပေးသူအဖြစ် လူပြောများနေသူဖြစ်ကြောင်း
ဒေသခံအချို့က ဆိုသည်။

သူရဲတောင်နှင့် ကင်းရှေ့ရွာကို ဆက်သွယ်ထားသည့် ကြိုးတံတားအနီးတွင် ပစ်သတ်ခံရကြောင်း ၎င်းတို့က ဆိုသည်။

“သေနတ်သံကြားတာကတော့ လေးငါးချက်ပဲရှင်၊ သူ့ကိုက ရွာထဲမှာ စစ်ကောင်စီဘက်ကဆိုပြီး ပြောတယ်၊ ပြည်သူဘက်ကတွေက စစ်တပ်သတင်းပေးဆိုပြီး ပြောကြတယ်” ဟု သူရဲတောင်ရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။

အသက် ၆၀ ခန့်ရှိ ဦးအောင်ဝင်းမှာ NLD အစိုးရလက်ထက်က အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ဖြစ်ပြီး ယခု စစ်ကောင်စီကလည်း ပြန်လည်ခန့်အပ်ထားသည်ဟု ပြောဆိုမှုများ လည်း ရှိနေသည်။

သို့သော် အုပ်ချုပ်ရေးမှူး အလုပ်လုပ်သည်ကို မတွေ့ရကြောင်း ဒေသခံအချို့က ပြောသည်။

ဦးအောင်ဝင်းအား မည်သည့်အဖွဲ့က မည်သည့်အကြောင်းကြောင့် ပစ်သတ်ခဲ့သည်ကို မသိရသေးပေ။

သရက်ချောင်းမြို့နယ်တွင် နိုဝင်ဘာလအတွင်း ဒလန်ဟု စွပ်စွဲခံရသူများကို ပစ်ခတ်ရှင်းလင်းသည့် ဖြစ်စဉ်များ ဆက်တိုက်နီးပါး ဖြစ်နေပြီး စစ်တပ်ပိုင် မိုင်တဲတာဝါတိုင်များလည်း မိုင်းခွဲတိုက်ခိုက်ခံရသည့် ဖြစ်စဉ်များလည်း ရှိသည်။