အခြေခံပညာ နှစ်ဆုံးစာမေးပွဲ မတ်လအတွင်း ပြုလုပ်မည်ဟုဆို

0
512

အခြေပညာနှစ်ဆုံး စာမေးပွဲကို မတ်လ ပထမအပတ်တွင် ပြုလုပ်မည်ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် စာသင်ချိန် ၆ လရှိမည်ဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသားများ၏ သင်ယူ တတ်မြောက်မှု ရလဒ်စစ်ဆေးအကဲဖြတ်ခြင်း စာမေးပွဲကို နှစ်ကြိမ်ပြုလုပ်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ပထမနှစ်ဝက် စာမေးပွဲကို ဇန်နဝါရီလ ပထမအပတ်တွင် တစ်ရက်နှစ်ဘာသာနှုန်းဖြင့် စစ်ဆေးရန် အခြေခံပညာဦးစီးဌာနက ညွှန်ကြားထားကြောင်း တနင်္သာရီတိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

“စာမေးပွဲကြီးကတော့ အချိန်စာရင်း မလာသေးဘူး၊ အခု ပထမနှစ်ဝက်စာမေးပွဲပဲ လာသေးတယ်၊ တစ်နေ့ကို နှစ်ဘာသာပေါ့နော်” ဟု တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပထမနှစ်ဝက် စာမေးပွဲတွင် နိုဝင်ဘာလ ၁ ရက်‌နေ့ ကျောင်းပြန်ဖွင့်ချိန်မှ ဒီဇင်ဘာလအထိ သင်ထားသည့် စာများကို စစ်ဆေးမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

နှစ်ဆုံး စာမေးပွဲတွင်မူ မတ်လ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ သင်ကြားထားသည့် စာကို စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Grade-1 မှ Grade-3 အထိ သင်ယူတတ်မြောက်မှု စစ်ဆေးအကဲဖြတ်ခြင်းကို စာသင်ခန်းအတွင်း ပုံမှန်အတိုင်း စစ်ဆေးအကဲဖြတ်မည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုမူ သင်္ကြန်မတိုင်မီဧပြီလအတွင်း ကျင်းပမည်ဟု ပြောသည်။

နိုဝင်ဘာလ ပထမအပတ် စာရင်းများအရ တနင်္သာရီတိုင်းတွင် ကျောင်းအပ်သူ တစ်သိန်းတစ်သောင်းနီးပါးရှိပြီး ကျောင်းတက်သူ ငါးသောင်းနီးပါးရှိကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။