မြိတ် ဆိုင်ကယ်တက္ကစီအသင်းဝင်သူ လေးဆယ်ကျော်ရှိ

0
215
ဓါတ်ပုံ- မြိတ်မြို့ရှိ တက္ကစီဂိတ်တစ်ခုအား တွေ့ရစဉ်။

မြိတ်မြို့တွင် တစ်ပတ်ခန့်အတွင်း ဆိုင်ကယ်တက္ကစီအသင်းဝင်ရန် လျှောက်ထားသူ လေးဆယ်ကျော်ရှိကြောင်း မြိတ်မြို့နယ် သုံးဘီးနှင့် ဆိုင်ကယ်တက္ကစီယာဉ်များ ထိန်းသိမ်းကြီးကြပ်ရေးအသင်းထံမှ သိရသည်။

မြိတ်မြို့တွင် ဆိုင်ကယ်တစ်စီးလျှင် အမျိုးသားနှစ်ဦး မစီးရန် နိုဝင်ဘာ ၁၅ ရက်က စတင်ကန့်သတ်ခဲ့သည့်အတွက် ဆိုင်ကယ်တက္ကစီ မောင်းသူများ အခက်ကြုံခဲ့သည်။

ထိုသို့သော အခြေအနေတွင် မြိတ်မြို့နယ်သုံးဘီးနှင့် ဆိုင်ကယ်တက္ကစီများ ထိန်းသိမ်းကြီးကြပ်ရေးအသင်းက ၎င်းတို့အသင်းသို့ ဝင်ပါက ဆိုင်ကယ်တစ်စီးလျှင် အမျိုးသားနှစ်ဦး စီးခွင့်ရမည်ဟု ကြေငြာခဲ့သည်။

ထိုသို့ကြေငြာပြီး တစ်ပတ်ခန့်အကြာတွင် အသင်းဝင်ရန်လျှောက်ထားသူ လေးဆယ်ကျော်ရှိကြောင်း အထက်ပါအသင်း ဥက္ကဌ ဉီးကိုမောင်မောင် ကပြောသည်။

“သူတို့တွေ ရဲရဲတင်းတင်း အလုပ်လုပ်လို့ရအောင် ကျွန်တော်တို့က စီစဉ်ပေးတာပါ”ဟု ၎င်းကပြောသည်။

ဆိုင်ကယ်တက္ကစီအသင်းဝင်ပါက အသင်းဝင်ကြေး အဖြစ် ကျပ်တစ်သောင်း သတ်မှတ်ထားပြီးလစဉ်ကြေးအနေဖြင့် တစ်လလျှင် ကျပ်ငါးထောင်‌ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

မြိတ်မြို့တွင် ဆိုင်ကယ်တက္ကစီမောင်းသူရာချီရှိပြီး အများစုမှာ အသင်းမဝင်‌သေးဘဲ စောင့်ကြည့်နေကြကြောင်း တက္ကစီမောင်းသူ တစ်ဦးကပြောသည်။

“လောလောဆယ်တော့ စောင့်ကြည့်နေသူတွေရှိတယ်။ ကိုယ့်ထမင်းစားအလုပ်က ဒီတစ်ခုပဲရှိတော့ မထူးဘူးဆိုပြီး သွားလုပ်လိုက်တယ်’ဟု အထက်ပါ ဆိုင်ကယ်တက္ကစီမောင်းသူ ကပြောသည်။

လက်ရှိတွင် အသင်းဝင်ကြေး ကျပ်တစ်သောင်းနှင့် ကိုယ်ရေးအချက်အလက်များ ပေးခဲ့ပြီးဖြစ်ကာအသင်းဝင်ကဒ်ပြားနှင့် တက္ကစီအသင်းအင်္ကျီကိုမူ လာမည့်အပတ်တွင်မှ ရရှိမည်ဟု ၎င်းကပြောသည်။

အသင်းသို့ဝင်ရောက်မည်ဆိုလျှင် ဆိုင်ကယ်လိုင်စင်၊ယာဉ်မောင်းလိုင်စင်၊ မှတ်ပုံတင်မိတ်တူ၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းတောက်ခံစာ လိုအပ်လိုအပ်‌ကြောင်း ယင်းအသင်းထံမှ သိရသည်။

အသင်း၏ ရုံးခန်းကို မြိတ်အဝေးပြေးကားဝင်းအတွင်း မော်တော်ယာဉ်ထိန်းသိမ်းကြီးကြပ်ရေးရုံးတွင် ဖွင့်လှစ်ထားပြီး အသင်းဝင်လိုက လာရောက်စုံစမ်းနိုင်ကြောင်း အဆိုပါအသင်းထံမှ သိရသည်။