ကိုဗစ်ဗားရှင်းအသစ် အိုမိုက်ခရွန်

0
4234

မကြာသေးမီက အာဖရိကတောင်ပိုင်းတွင် စတင်သတိထားမိသော စိုးရိမ်ဖွယ်ကိုဗစ်မျိုးကွဲ ဗားရှင်းအသစ် (ပညာရပ်အခေါ် SARS – CoV-2 variant : B.1.1.529) ကို ဂရိအက္ခရာနာမည် အိုမိုက်ခရွန် ဟု ကင်ပွန်းတပ်လိုက်ပြီဖြစ်သည်။

လွန်ခဲ့သော နိုဝင်ဘာလ ၂၄ ရက်ကမှ တောင်အာဖရိကနိုင်ငံ က ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ ပထမဆုံး သတင်းပေးပို့ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ တောင်အာဖရိကတွင် ကိုဗစ်ဗိုင်းရပ်စ်မျိုးကွဲများ ပျံ့လျက်ရှိရာ ယခု ဗားရှင်းအသစ် အိုမိုက်ခရွန် မတွေ့ရမီတွင် အများဆုံးတွေ့ရသည်မှာ ဒယ်လ်ထာ မျိုးကွဲဖြစ်ပြီး ကျန်းမာရေး ပညာရှင်များက ပျံ့နှံ့နှုန်းမြန်သည့် စိုးရိမ်ဖွယ်မျိုးကွဲ အဖြစ် သတ်မှတ်ခဲ့ သည်။

ဒယ်လ်ထာသည်ပင် ကမ္ဘာအနှံ့ပျံ့သွားပြီးနောက် ကိုဗစ်ကပ်ရောဂါကို ခံစစ်အားကောင်းကောင်းနှင့် ခုခံခဲ့သည့် နယူးဇီလန်ကဲ့သို့သော နိုင်ငံမျိုးပင် ဒယ်လ်ထာ နှင့်တွေ့သော် ခံစစ်ကျိုးသွားခဲ့သည်။

သို့သော် ဒယ်လ်ထာမျိုးကွဲ ကို ကမ္ဘာ တဝန်းထုတ်လုပ်ထားသည့် ကိုဗစ်ကာကွယ်ဆေးများက အတိုင်းအတာ တစ်ခုအထိ တားဆီးပေးနိုင်သဖြင့် ကိုဗစ် ဗိုင်းရပ်စ် အမျိုးမျိုးကို ကာကွယ်ဆေးဖြင့် ခုခံသည့် နည်းဗျူဟာကို ကမ္ဘာတဝန်း ကျင့်သုံးလာခဲ့သည်။

ယခု မကြာသေးမီကလေးက သတိပြုမိလာသော အိုမိုက်ခရွန်ကို ပညာရှင်များက ထိတ်လန့်ဖွယ်မျိုးကွဲသစ် အဖြစ် ညွှန်းဆိုကြကာ စိုးရိမ်ဖွယ်မျိုးကွဲအဖြစ် သတ်မှတ်လိုက်ပြီဖြစ်သည်။ အကြောင်းမှာ သူသည် ဗိုင်းရပ်စ်များ၏ သဘောသဘာဝအတိုင်း မျိုးဗီဇပြောင်းခြင်းများစွာရှိကာ ပညာရှင်များ ကိုဗစ်ဗိုင်းရပ်စ်ကို စတင်တွေ့ရှိခဲ့သည့် တရုတ်နိုင်ငံ ဝူဟန်မြို့က ကိုဗစ်ဗိုင်းရပ်စ် မျိုးဗီဇနှင့် လုံးဝနီးပါး ခြားနားလျက်ရှိသည်ကို ပညာရှင်များက သတိပြုမိသွားပြီဖြစ်သည်။

အထူးသဖြင့် လူခန္ဓာကိုယ်အတွင်းသို့ ဗိုင်းရပ်စ်ဝင်ပြီးနောက်ဆဲလ်များနှင့် ပေါင်းစပ်သည့် ဗိုင်းရပ်စ်၏ လက်တံများ (Spik protine) အတော်ပြောင်းသွားပြီဟုဆိုသည်။ ဤသည်က ပြဿနာ အကြီးကြီးဆီ ဦးတည်သွားနိုင် သည်။ ယင်းပြဿနာမှာ ကိုဗစ်ကာကွယ်ဆေးကြောင့်လည်းကောင်း၊ ယခင် ကိုဗစ်မျိုးကွဲဟောင်းများ ကူးစက်ခံရခြင်းကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်က ထုတ်သော ကိုဗစ်ဗိုင်းရပ်ကို ခုခံသည့် ခုခံအား ပဋိဇီဝက္ခန္ဓာ (Antibody) သည် ယခု အိုမက်ခရွန်မျိုးကွဲ ကို မခုခံနိုင်ဘဲ ကိုဗစ်ကာကွယ်ဆေး ထိုးထားသူများရော၊ ယခင်က ကိုဗစ်ကူးစက်ခံရသူဖူးသူများပါအိုအက်ခရွန် ကိုဗစ်မျိုးကွဲ ကို ကူးစက်ခံရနိုင်ခြင်း ဖြစ်သည်။

ယေဘုယျပြောရလျှင် အိုမက်ခရွန်က ကာကွယ်ဆေးထိုးသူကော၊ မထိုးသူကော၊ ရောဂါဖြစ်ဖူးသူကော၊ မဖြစ်ဖူးသေးသူများကိုရော အကုန်ပြန်ကူးနိုင်ချေရှိသည်ဟု ပညာရှင်များက စိုးရိမ်နေသည်။ တောင်အာဖရိကတွင် အိုမက်ခရွန်မျိုးကွဲ ကူးခံရသူ တိုးလာနေသည်ဟုဆိုသည်။

မကြာသေးမီက ဟောင်ကောင်တွင် အိုမက်ခရွန်တွေ့သည်ဟူသော သတင်းမျိုးလည်းထွက်နေသည်။

သို့ရာတွင် အိုမက်ခရွန်နှင့် ပတ်သက်၍ ယင်း၏ ကူးစက်ပျံ့နှံ့နိုင်စွမ်း၊ ကာကွယ်ဆေးကို တုံ့ပြန်ပုံ၊ ကူးစက်ခံရသူကို ဒုက္ခပေးနိုင်စွမ်း အစရှိသည်တို့ကို တိတိပပ မသိနိုင်သေးပေ။ အချို့သော ကျန်းမာရေးအဖွဲ့များကမူ အိုမိုက်ခရွန်က ကူးစက်နှုန်းမြန်နိုင်သည်ဟု မှတ်ချက်ပြုထားသော်လည်း အဏုဇီဝ ဗိုင်းရပ်စ်ပညာရှင်များက အပူတပြင်း လေ့လာလျက်ရှိဆဲပင်ဖြစ်သည်။ အကယ်၍သာ အိုမက်ခရွန်သည် အထက်ပါ ပညာရှင်များတွက်ဆ စိုးရိမ်သကဲ့သို့ ကာကွယ်ဆေးကို မဖြုံ၊ ယခင်ကိုဗစ်ကူးဖူးသူများကို လည်း ပြန်၍ ကူးကာ ဒုက္ခပေးနိုင်သည်ဟုဆိုလျှင် ကာကွယ်ဆေးထိုးခြင်းဖြင့် ကိုဗစ်ကို အန်တုကာ မူလပုံမှန်အခြေအနေသို့ ပြန်သွားရန် တာစူနေသော ကမ္ဘာ့နိုင်ငံများ၏ ဗျူဟာမှာ နောက်ထပ်အသစ်သော စိန်ခေါ်မှုကြီးအတွက် အဆင်သင့် မဖြစ်နိုင်ပေ။

ကုန်သွယ် စီးပွားရေးလုပ်ငန်းများ ပုံမှန် စုပေါင်း၍ ရုံးတက်ရုံးဆင်း စားသောက်ပျော်ပါးခြင်း၊ ခရီးထွက်ခြင်းတို့မှာလည်း ပြန်လည် ကန့်သတ်ခံရနိုင်ချေရှိသည်။ နယ်စပ်များကို ပြန်ဖွင့်၍ ကမ္ဘာလှည့်ခရီးသည်များကို မျှော်သည့် လုပ်ငန်းများသည် နာလန်ထကာစတွင် ကြီးမားပြင်ထန်သော ထိုးနှက်မှုကြီးခံရနိုင်ချေရှိနေသည်။

ပြီးခဲ့သည့် နှစ်များက ကိုဗစ်ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများ မပြိုသွားရန် ထောက်မပေးထားရသော အစိုးရများသည်လည်း အတော်ပင် ဒုက္ခတွေ့မည့်ကိန်း။

အိုမက်ခရွန်မျိုးကွဲက ကမ္ဘာကြီးကို ကိုဗစ်ကာလ ခေတ်ဦးဆီပြန်၍ ဆွဲခေါ်သွားမည်လားဟု စိုးရိမ်ကြသည်။ ကျူစင်တာများ၊ အကွယ်အကာဝတ်ရုံများ၊ နှာခေါင်းပိတ်မျက်နှာဖုံးများ၊ လူနာတင်ယာဉ်များ၊ အသွားအလာကန့်သတ်ခြင်းများ၊ အစုလိုက်အပြုံလိုက်ကူးစက်ခြင်းများ၊ သေဆုံးရခြင်းများ၊ ကျန်းမာရေးစနစ်လဲပြိုခြင်း၊ ဆေးရုံများ လူနာပြည့်လျှံခြင်း၊ ‌အောက်ဆီဂျင်အိုးများ ပြတ်လပ်ခြင်း၊ မီးသင်္ဂြိုလ်စက်များ ၂၄ နာရီ တစ်ပတ်လုံးလုံး လည်ရခြင်း၊ သုဿန်များ တိုးချဲ့ရခြင်း မျိုး ပြန်၍ကြုံရပါမည်လား။ ကျန်းမာရေးပညာရှင်များသည်လည်း အိုမက်ခရွန်လိုမျိုးကွဲအတွက် ကာကွယ် ကုသဆေးထုတ်ရန် မည်မျှကြာပါမည်နည်း။ မေးခွန်းများစွာ၊ စိုးရိမ်မှုပေါင်း ကုဋေကုဋာ။

အိုမက်ခရွန် မျိုးကွဲ အကြောင်းလေ့လာနေဆဲမှာပင် ကမ္ဘာ့နိုင်ငံအချို့က ပြန်ဖွင့်ရန်တာစူနေသော နယ်စပ်များကို ပိတ်လိုက်ပြီဖြစ်သည်။ ခရီးသွားလာမှုများကို ကန့်သတ်လိုက်ပြီဖြစ်သည်။ ကမ္ဘာကြီးသည် လူသားတို့ ထုတ်သော မီးခိုး၊ ကာဗွန်များကြောင့် လေထုညစ်ညမ်းနေရချိန်တွင် လူသားများသည်လည်း ကူးစက်မြန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကိုဗစ် ဗိုင်းရပ်စ်များနှင့် လုံးပန်း၍ စိုးရိမ်ရဆဲ၊ အလုပ်ရှုပ်ရဆဲဖြစ်သည်။

Ref _ https://www.who.int/news/item/26-11-2021-classification-of-omicron-(b.1.1.529)-sars-cov-2-variant-of-concern
https://www.nytimes.com/2021/11/26/health/omicron-variant-vaccines.html