ရာသီဥတုကြောင့်မွန်ဆားအထွက်နောက်ကျနိုင်

0
213

မွန်ပြည်နယ်တွင်ဆားထုတ်လုပ်ရန်ပင်လယ်ရေစလှန်းသည့်နိုဝင်ဘာလအတွင်းမိုးရွာသွန်းချမှုကြောင့်ဆားထုတ်လုပ်မှုနောက်ကျနိုင်သည်ဟုပြည်နယ်အတွင်းရှိဆားလုပ်ငန်းရှင်တို့ထံမှသိရသည်။

ဆားလုပ်ငန်းကိုပုံမှန်အားဖြင့်မိုးအကုန်စက်တင်ဘာလလယ်ခန့်မှစတင်ပြင်ဆင်ကြကာနိုဝင်ဘာလဆန်းတွင်ပင်လယ်ရေတင်ပြီးစတင်နေလှန်းသည်။ ရာသီဥတုအခြေအနေ ကောင်းမွန်ပါကဒီဇင်ဘာလဒုတိယအပတ်ခန့်တွင်ဆားစတင်ထုတ်လုပ်ကြသည်ဟုဆားလုပ်ငန်းရှင်တို့ထံမှ သိရသည်။

ယခုနှစ်တွင်ပင်လယ်ရေစလှန်းသည့်အချိန်မိုးရွာချသည့်အတွက်ဆားကွင်းများပျက်စီးပြီးပုံမှန်ဒီဇင်ဘာလတတိယအပတ်ခန့်တွင်ထွက်သည့်ဆားသည်ဇန်နဝါရီလဆန်းပိုင်းခန့်မှသာထုတ်လုပ်နိုင်တော့မည်ဟုလည်းဆားလုပ်ငန်းရှင်တို့ကပြောသည်။

“ပင်လယ်ရေသွင်းထားတာမိုးရွာချလိုက်တော့အဲဒီရေတွေကမရတော့ဘူး၊ဖောက်ထုတ်ပြီးတော့အသစ်ပြန်သွင်းရတယ်။ ၁၅ရက်လောက်နောက်ဆုတ်သွားမယ်၊ဆားထုတ်ဖို့ဆားထွက်ဖို့နောက်ကျသွားမယ်”ဟုပငဆားလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ယခုနှစ်ဆားထုတ်လုပ်ရာသီတွင်ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့်ဆားထုတ်လုပ်မှုစရိတ်ယမန်နှစ်များကထက်ပိုမိုကုန်ကျထားရသည့်အပြင်ဖျက်မိုးကြောင့်လုပ်ငန်းနှစ်ခါပြန်လည်လုပ်ကိုင်ရသည့်အတွက်ဆားလုပ်ငန်းရှင်များအခက်အခဲကြုံတွေ့လျက်ရှိသည်။

၎င်းပြင်ရာသီဥတုကြောင့်ဆားကွင်းပျက်စီးမှုရှိထားသည့်အတွက်ဆားအထွက်နှုန်းလည်းလျော့ကျသွားနိုင်သဖြင့် အရှုံးပေါ်မည်ကိုဆားလုပ်ငန်းရှင်တို့ကစိုးရိမ်နေကြသည်။

“ဆားဈေးကောင်းရင်တော့အဆင်ပြေမယ်။ ဆားဈေးမကောင်းဘူးဆိုရင်တော့ရှုံးမှာပဲ၊ရှုံးလည်းရပ်ထားလို့မှမရတာ၊ လုပ်နေရတယ်” ဟုရေးမြို့နယ်မှဆားလုပ်ငန်းရှင်တစ်ဦးကပြောသည်။

လက်ရှိတွင်ဆားကြမ်းဈေးတစ်ပိဿာကျပ်၁၅၀ဝန်းကျင်ပေါက်ဈေးရှိနေပြီးဆားအထွက်များလာသည့်အခါဆားဈေးကျသွားလေ့ရှိသည်ဟုလည်းဆားဈေးကွက်မှသိရသည်။

မွန်ပြည်နယ်တစ်လုံးတွင်ဆားကွင်းဧကပေါင်း၄၀၀၀ခန့်ဆားထုတ်လုပ်နေကြသည်ဟုသိရသည်။

မွန်ပြည်နယ်မှထွက်သည့်ဆားများကိုပြည်နယ်အတွင်းအသုံးပြုပြီးပိုလျှံသည့်ဆားများကိုအထက်မြန်မာပြည်မန္တလေးဈေးကွက်နှင့်တနင်္သာရီတိုင်းဒေသကြီးဘက်ရှိငါးလုပ်ငန်းဈေးကွက်တို့သို့အဓိကတင်ပို့ရောင်းချသည်။

မွန်ပြည်နယ်တွင်သံဖြူဇရပ်မြို့နယ်ရှိပငရွာ၊ ကရုပ္ပိရွာ၊ ကျိုင်ခမီမြို့နှင့်စက်စဲ၊ ပေါင်မြို့နယ်၊ ထန်းပင်ချောင်းရွာနှင့်ရေးမြို့နယ်ပလိုင်ကီးကျေးရွာတို့တွင်နေလှန်းဆားအများအပြားထုတ်လုပ်သည်။