တရားမျှတမှု ပြန်ပေးပါ

0
708

(ကျန်ရစ်သူတွေရဲ့ အသံ)

စစ်အာဏာသိမ်းကာလမှာ စစ်တပ်နှင့်ရဲက ပစ်သတ်လို့ သေဆုံးသွားသူတို့ရဲ့ ကျန်ရစ်သူ မိသားစုတွေဟာ သေဆုံးသွားသူတို့အတွက် တရားမျှတမှုကိုရချင်ပေမယ့်လည်း လက်ရှိအချိန်ထိ နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုနဲ့ ကိုဗစ်ကပ်ဘေးကြားမှာ စီးပွားရေးမပြေလည်မှုတွေပါ ထပ်ပြီးရင်ဆိုင်နေရတာပါ။

ဖေဖော်ဝါရီလ ၁ ရက်က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးတဲ့နောက် နိုင်ငံအဝှမ်းမှာရှိတဲ့ ပြည်သူလူထုက ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန္ဒပြခဲ့ကြတဲ့ ပြည်သူလူထုကို စစ်တပ်နှင့်ရဲက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုတွေပြုလုပ်ခဲ့တာကြောင့် ထားဝယ်ဒေသက ဒီမိုကရေစီအရေးလူထုလှုပ်ရှားမှုမှာပါဝင်သူ အချို့သေဆုံးခဲ့ကြပါတယ်။

ဒီအထဲမှာ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်က သုံးဘီးမောင်းပြီး မိသားစုကို ရှာဖွေကျွေးမွေးနေတဲ့ အသက် ၅၁ နှစ်ရှိပြီဖြစ်တဲ့ ဦးဝင်းလှိုင်ထွန်းလည်း ပါဝင်ပါတယ်။

ယခင်က ကြက်စားပြင်ရပ်ကွက်မှာ ထားဝယ်အင်ဂျင်နီယာသပိတ်စစ်ကြောင်းနဲ့ ပညာရေးဌာနက ဆရာ၊ ဆရာမသပိတ်စစ်ကြောင်းတွေ အမြဲလို ဆန္ဒပြလှုပ်ရှားမှုတွေရှိခဲ့တဲ့အပြင် ညသပိတ်၊ အရုဏ်ဦးသပိတ်၊ ရပ်ကွက်သပိတ်တွေ ပြုလုပ်တာတွေလည်း ရှိပါတယ်။

မတ်လ ၁၁ ရက်နေ့ ညပိုင်းမှာ ထားဝယ်မြို့က ကြက်စားပြင်ရပ်ကွက်ညသပိတ်ကို စစ်တပ်နှင့်ရဲက မီးခိုးဗုံး၊ ရော်ဘာကျည်၊ အသံဗုံးတွေအပြင် ကျည်အစစ်တွေသုံးပြီး ပစ်ခတ်ဖြိုခွင်းခဲ့လို့ ဦးဝင်းလှိုင်ထွန်းကို ကျည်ဆန်ထိမှန်ခဲ့ပြီး ကျဆုံးခဲ့တာပါ။

ခင်ပွန်းဖြစ်သူ သေဆုံးခဲ့တဲ့အတွက် တရားမျှတမှုကိုလိုချင်ပေမယ့်လည်း စစ်အာဏာသိမ်းကာလ အဖမ်းအဆီးနဲ့ စစ်ဆေးမှုတွေများနေသည့်ကြားမှာ ဘေးအန္တရာယ်ကင်းအောင်နေထိုင်ရင်း ကိုဗစ်ကပ်ဘေးနဲ့ အလုပ်အကိုင်မရှိမှုကြောင့် စီးပွားရေးကြပ်တည်းမှုတွေပါ ထပ်ပြီးရင်ဆိုင်နေရတာပါ။

“လုပ်ပေးစားမယ့်လူလည်း မရှိဘူးဆို‌တော့ အခက်အခဲကတော့ ရှိပါတယ်။ အရင်တုန်းကတော့ သူက သုံးဘီးဆွဲပေးနေတယ်ဆိုတော့ အဆင်ပြေတယ်လေ၊ အခုက သုံးဘီးက ဆွဲမယ့်သူလည်းမရှိဘူး အိမ်က ကလေးတွေလည်း လုပ်မတတ်ဘူးဆိုတော့ ဒီအတိုင်းထားထားရတာပေါ့”လို့ ဦးဝင်းလှိုင်ထွန်းရဲ့ ဇနီး ဒေါ်နှင်းဝေက ပြောပါတယ်။

ဒေါ်နှင်းဝေ အမျိုးသား ဦးဝင်းလှိုင်ထွန်းရှိစဉ်က သုံးဘီးဆွဲတဲ့အလုပ်ကို လုပ်ကိုင်ပြီး မိသားစုကိုရှာကျွေးခဲ့တာလို့ ဆိုပါတယ်။ ကြက်မတွန်ခင် နံနက် ၂ ချက်ခွဲလောက်ဆို ကြက်စားပြင်ဈေး၊ ကမ်းနားဈေး၊ ညဈေးတွေမှာရောင်းချနေတဲ့ ဈေးသည်တွေရဲ့ ရောင်းကုန်ပစ္စည်းကို သုံးဘီးနဲ့တင်ပြီး အကြို အပို့လုပ်ပေးရတာပါ။

ဦးဝင်းလှိုင်ရှိစဉ်က သုံးဘီးဆွဲခ တစ်နေ့ကို ငွေကျပ် လေးသောင်းလောက်ရတယ်လို့ ဆိုပါတယ်။ ဒေါ်နှင်းဝေကိုယ်တိုင်လည်း ကျောင်းဖွင့်ရာသီမှာ ကျောင်းဈေးရောင်းပြီး မိသားစု အပိုဝင်ငွေရှာသေးတော့ စားဝတ်နေရေးအတွက် ပူပင်ကြောင့်ကြစရာမလိုဘူးလို့ ဆိုရမှာပါ။

အခုတော့ မိသားစုကိုရှာကျွေးနေတဲ့ တံတိုင်းကြီးမရှိတော့သလို စစ်အာဏာသိမ်းကာလမှာ အဖမ်းအဆီး အစစ်အဆေးတွေများနေရယ် ကိုဗစ်ကပ်ဘေးဖြစ်နေတာတွေကြောင့် ကျောင်းတွေလည်းပိတ်ထားရပြီး ကျောင်းဈေးလည်း မရောင်းရတာကြောင့် အခက်အခဲတွေဖြစ်နေတယ်လို့ ဒေါ်နှင်းဝေက ဆိုပါတယ်။

“အခုလည်း စဉ်းစားနေတာပဲ၊ သူလည်းမရှိတော့ဘူးဆိုတော့ သုံးဘီးကိုရောင်းပြီး ဈေးထဲမှာ ဈေးရောင်းစားရမလားလို့၊ အရင်းအနှီးကလည်း လိုတာကိုး၊ သုံးဘီးလည်း ဒီတိုင်းထားချင်းတူတူလေ မထူးဘူးဆိုပြီး သုံးဘီးရောင်းပြီးတော့ ရသလောက်လေးပဲ ဈေးမှာထွက်ရောင်းစားမယ်ဆိုပြီးလုပ်နေတယ်” လို့ ဒေါ်နှင်းဝေက ပြောပါတယ်။

ဦးဝင်းလှိုင်ထွန်းနဲ့ ဒေါ်နှင်းဝေမှာ သမီးနှစ်ယောက်၊ သားမက်နှစ်ယောက်နဲ့ ၃ နှစ်အရွယ်မြေးယောကျ်ားလေးတစ်ယောက်လည်းရှိပါတယ်။

ဦးဝင်းလှိုင်ထွန်းက သမီးနဲ့သားမက်တွေကိုလည်း သူကပဲကျွေးမွေးစောင့်ရှောက်ထားပြီး ည ၇ နာရီလောက်ဆို မိသားစုတွေ စုံစုံညီညီ စကားဝိုင်းဖွဲ့နေကြတာဆိုတော့ အိမ်ကအမြဲလို စည်ကားသိုက်မြိုက်နေတယ်လို့လည်း ဒေါ်နှင်းဝေက မျက်ရည်တွေလည်လာရင်း ပြောရှာတယ်။

“တရားမျှတမှုတော့ လိုချင်တာပေါ့လေ၊ သူတို့ မတရားလုပ်ထားတာကို ကိုယ်တွေက ခံနေရတဲ့ဟာကို၊ မျှော်တော့ မမျှော်လင့်ပါဘူး၊ ဒါပေမယ့် မတရားမှန်းတော့ သိနေတာပဲကို” လို့ ဒေါ်နှင်းဝေက ဆိုပါတယ်။

အမျိုးသားဖြစ်သူ သေဆုံးခဲ့ပြီးတဲ့နောက်မှာ လုပ်ကိုင်ရှာဖွေကျွေးမွေးသူမရှိတော့တာကြောင့် အမျိုးသားဖြစ်သူသေဆုံးမှုအတွက် နစ်နာကြေး သို့မဟုတ် ထောက်ပံ့ကြေးလိုမျိုးတွေပေးနိုင်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့လို့ သူမက ဆိုပါတယ်။

အလားတူ ဖေဖော်ဝါရီ ၂၈ ရက်က ထားဝယ်မြို့၊ ဥတ္တံားကြီးလမ်းဆုံ မီးပွိုင့်မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ကြွေးကြော်ဆန္ဒပြသူတွေကို စစ်တပ်နှင့်ရဲက ပစ်ပစ်ခတ်ဖြိုခွင်းမှုမှာ ကျဆုံးခဲ့သူကတော့ ထားဝယ်မြို့၊ ပုံကျွန်းရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၄ နှစ်ခန့်ရှိပြီဖြစ်တဲ့ ကိုလွင်လွင်ဦးပဲ ဖြစ်ပါတယ်။

ကိုလွင်လွင်ဦးက ကျဗန်းအလုပ်လုပ်ကိုင်သူဖြစ်ပြီး တစ်ရက်ဝင်ငွေ ရှစ်ထောင်၊ တစ်သောင်းခန့်ရတယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။ ကိုလွင်လွင်ဦးတို့ ဇနီးမောင်နှံမှာ ၁၄ နှစ်အရွယ် ၉ တန်းကျောင်းသူ သမီးလေးတစ်ယောက်လည်းရှိပါတယ်။

“သူ မရှိတဲ့နောက်ပိုင်းမှာ အမေဆိုင်မှာ ဝိုင်းကူပြီး ဝိုင်းလုပ် ဝိုင်းစားနေတာပေါ့ရှင်။ အခုတော့ အမေပါ ဆုံးသွားတော့ အမေ့ရဲ့ ကွမ်းယာဆိုင်လေးရောင်းပြီးပဲ စားနေတာပေါ့” လို့ ဇနီးဖြစ်သူက ပြောပါတယ်။

အမေဖြစ်သူ ကွမ်းယာဆိုင်လေးရဲ့ တစ်ရက် ရောင်းရငွေက သောင်းဂဏန်းလောက်ရတယ်လို့ ဆိုပါတယ်။

“လက်ရှိသမီးပညာရေးလည်း ကျောင်းမရှိတော့ စားဖို့အတွက်တော့ နည်းနည်း အဆင်ပြေနေတယ်၊ နည်းနည်းတော့ ချို့တဲ့တာပေါ့”

လက်ရှိကာလမှာတော့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြသူတွေဟာ လမ်းမတွေပေါ်ထွက်ဆန္ဒပြတာမျိုး နည်းပါးသွားပြီး လက်နက်ကိုင်တော်လှန်ရေးဘက်ကို ပြောင်းလဲလာကြပါတယ်။

ဒီလို အခြေအနေမှာ အဖမ်းအဆီး အစစ်အဆေးတွေများနေတာကြောင့် လမ်းထွက်ဖို့အဆင်မပြေသလို၊ ကိုဗစ်ကပ်ဘေးကြောင့်လည်း ဆိုင်တွေပိတ်ထားရပြီး အသွားအလာကန့်သတ်ထားတာကြောင့် လူထုဟာ အလုပ်အကိုင်နဲ့ စီးပွားရေး အကြပ်အတည်း အခက်အခဲတွေကိုလည်း ရင်ဆိုင်နေရပါတယ်။

စစ်ကောင်စီတပ်တွေကပစ်ခတ်လို့ ကျဆုံးခဲ့ရသူ နောက်တစ်ဦးကတော့ လောင်းလုံးမြို့နယ်က အသက် ၄၀ ဝန်းကျင်ခန့်ရှိ (အမည်လွဲ) ကိုပြေသိမ်း ဖြစ်ပါတယ်။

ကိုပြေသိမ်းက ပန်းရံကန်ထရိုက်ဆရာတစ်ယောက်ဖြစ်ပြီး သူ့မှာ ၈ နှစ်အရွယ် သမီးလေးတစ်ယောက်နဲ့ ၁၀ နှစ်အရွယ် သားလေးတစ်ယောက်ရှိပါတယ်။ ကိုပြေသိမ်းက စိတ်ရင်းသဘောထားကောင်းပြီး ရိုးသားဖြောင့်မတ်သူလို့ သူ့ဇနီးက ပြောပြပါတယ်။

ကန်ထရိုက်ဆရာတစ်ယောက်ဖြစ်ပါတယ်။ အကျိုးအမြတ်ရနည်းပြီး ငွေပိုငွေလျံ မစုမိပေမယ့် ဇနီးဖြစ်သူနဲ့ ကလေးနှစ်ယောက်ကိုတော့ အေးအေးဆေးဆေးနေနိုင်အောင် ရှာဖွေကျွေးမွေးနိုင်သူပါ။

ကိုပြေသိမ်းရှိစဉ်က တစ်ရက်ကို ဈေးဖိုးတစ်သောင်းလောက်သုံးပြီး မိသားစု စိုစိုပြေပြေစား ခဲ့ရပေမယ့် သူမရှိတဲ့နောက်ပိုင်းမှာတော့ တစ်ရက်ကို နှစ်ထောင်၊ သုံးထောင်နဲ့ စားဝတ်နေရေးကို ဖြေရှင်းနေရတယ်လို့ သူမက ဆိုပါတယ်။

“ကိုပြေသိမ်းရှိတုန်းကတော့ ကိုပြေသိမ်းကိုပဲ မှီခိုအားကိုးခဲ့ရတာ”လို့ ဇနီးဖြစ်သူက ဆိုပါတယ်။

ကိုပြေသိမ်းနဲ့အိမ်ထောင်ကျပြီးတည်းက လင်သားအပေါ်မှာပဲ မှီခိုပြီး ကလေးနှစ်ယောက်နဲ့ အိမ်ရှင်မတာဝန်ယူခဲ့တဲ့ ဇနီးဖြစ်သူက စစ်အာဏာသိမ်းကာလမှာ အသွားအလာကန့်သတ်မှု၊ အဖမ်းအဆီးစစ်ဆေးမှုများနှင့် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှုတွေကြားမှာ ကိုဗစ်ကပ်ဘေးအပြင် အလုပ်အကိုင်မရှိမှုကြောင့် စီးပွားရေးကြပ်တည်းမှုကိုပါထပ်ပြီး ရင်ဆိုင်နေရတာပါ။

အမျိုးသားဖြစ်သူ သေဆုံးခဲ့ရသည့်အတွက် တရားမျှတမှုကို လိုချင်တယ်လို့လည်း သူမက ပြောဆိုထားပါတယ်။

“ကိုယ့်လင်တစ်ယောက်လုံး ဆုံးရှုံးသွားတာ ဆိုတော့ တရားမျှတမှုတော့ လိုချင်တာပေါ့။ အခွင့်အရေးတွေတော့ မလိုချင်ပါဘူး” လို့သူမက ဆိုပါတယ်။

လက်ရှိအနေအထားအရ လောင်းလုံးမြို့နယ်မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒပြလှုပ်ရှားမှုတွေလည်းရှိနေပြီး လက်နက်ကိုင်တော်လှန်ရေးအသွင်ပြောင်းလာတဲ့အနေအထားမှာ စစ်ကောင်စီတပ်တွေကလည်း နေ့စဉ်လို အဖမ်းအဆီးနဲ့ စစ်ဆေးမေးမြန်း ဖိနှိပ်မှုတွေရှိနေပါတယ်။

ဒီလိုအနေအထားမှာ ခင်ပွန်းဖြစ်သူသေဆုံးခဲ့ပြီး ၇ လကြာသည်အထိ သူမအနေဖြင့် ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိအောင်ဖြစ်နေပြီး စိုးရိမ်ပူပန်သောကတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ပြောပါတယ်။

စစ်အာသိမ်းကာလမှာ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သူတို့ရဲ့ ကျန်ရစ်သူ မိသားစုတွေအတွက် ရေတို ရေရှည်အပိုင်းနှစ်ပိုင်းလိုပါတယ်၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာထောက်ပံ့ပေးခြင်းတွေပြုလုပ်ပေးရမယ်လို့ ထားဝယ်မြို့က လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မထက်နွေးက ပြောပါတယ်။

“ကျန်ရစ်သူမိသားစုကို ကျန်တဲ့လူမှုအသိုင်းအဝိုင်းကနေပြီး စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ပေး အားပေးနှစ်သိမ့်တာတွေ နောက်တစ်ခုက ရုပ်ပိုင်းဆိုင်ရာမှာဆို ငွေရေးကြေးရေးဖြစ်ဖြစ် စားဝတ်နေရေး တတ်နိုင်သမျှ ပံ့ပိုးပေး အဲလိုမျိုးတွေကတော့ လတ်တလောမှာ လုပ်ရတာတွေဖြစ်တယ်”လို့ ဒေါ်ထက်နွေးက ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံအခြေအနေအရ ရေတိုအစီအစဉ်ကို ပြည်သူမှ ပြည်သူသို့ အစီအစဉ်ဖြင့် သေဆုံးခဲ့သူတို့ရဲ့ ကျန်ရစ်သူ မိသားစုများအပြင် ထောင်အတွင်းညှင်းပန်းနှိပ်စက်ခံရပြီး ပြန်လွတ်လာသူတွေကိုပါ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေကို ပြုလုပ်ပေးနိုင်တယ်လို့ သူမက ဆိုပါတယ်။

နိုင်ငံပြည်လည်တည်ငြိမ်လာချိန်တွင် ပြန်လည်ကုစားရေးအပိုင်းနှင့် တရားမျှတမှုတွေကို နောက်တက်လာမည့် ဒီမိုကရေစီအစိုးရက လုပ်ဆောင်ပေးရမယ်လို့လည်း မထက်နွေးက ပြောဆိုထားပါတယ်။

စစ်အာဏာသိမ်းကာလမှာ စစ်တပ်နှင့်ရဲက ပစ်ခတ်လို့ ကျဆုံးခဲ့သူတွေဟာ ထားဝယ်ခရိုင်မှာ ၂၀ ဦး၊ မြိတ်ခရိုင်မှာ ၁၂ ဦး၊ ကော့သောင်းခရိုင်မှာ ၁၀ ဦးသေဆုံးခဲ့ပြီး တနင်္သာရီတိုင်းမှာ စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးခဲ့သူ စုစုပေါင်း ၄၂ ဦးထိရှိကြောင်း AAPP အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီအထဲမှာ အသက်အပြည့်သေးတဲ့ ကလေးအပါအဝင် ကျောင်းသားတွေလည်း ပါဝင်တယ်လို့ သိရတယ်။

စစ်ကောင်စီတပ်တွေဟာ လက်ရှိအချိန်ထိ ထားဝယ်မြို့နယ်အပါအဝင် ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်းစတဲ့ ရပ်ကွက်၊ ကျေးရွာတွေမှာ နေ့ရော ညအချိန်မတော် အာရုံ မိုးသောက်ယံအထိပါ လိုအပ်ရင် လိုအပ်သလို တစ်အိမ်တက် တစ်အိမ်ဆင်း ရှာဖွေစစ်ဆေး ဖမ်းဆီးတာတွေပြုလုပ်နေဆဲပါ။

ဒါ့အပြင် လမ်းသွားလမ်းလာတွေကိုလည်း အပြင်ထွက်ကတ်၊ ယာဉ်လိုင်စင်၊ မောင်းလိုင်စင်စစ်ဆေးခြင်း၊ ဖုန်းကို စစ်ဆေးခြင်းအပြင် ပါးစပ်နှာခေါင်းစည်းကို ချွတ်ခိုင်းပြီး လူကို သေချာကြည့်ရှုစစ်ဆေးတာ၊ ဓာတ်ပုံရိုက်တာတွေပါ ပြုလုပ်ကာ ပြည်သူလူထုကို ဖိနှိပ်နေဆဲဖြစ်ပါတယ်ဒေသခံတွေက ပြောဆိုကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ ကိုဗစ်-၁၉ ဖြစ်ပွားမှုကို ကာကွယ်ထိန်းချုပ်ဖို့ဆိုပြီး ထားဝယ်မြို့နယ်ကို ဩဂုတ်လ ၂၁ ရက်နေ့ကစပြီး Stay at Home မြို့နယ်အဖြစ် သတ်မှတ်ထားတာ အခု အောက်တိုဘာလဆန်းပိုင်းအထိဖြစ်ပါတယ်။

ထားဝယ်မြို့နယ်ကိုတက်လာဖို့အတွက် အုပ်ချုပ်ရေးမှူးထံက ခရီးသွားထောက်ခံစာအပြင် ကိုဗစ်ကာကွယ်ဆေးထိုးထားကြောင်း လက်မှတ်ပြနိုင်မှ အခြားမြို့နယ်ကလာသူတွေကို မြို့အဝင်အထွက် တံတားက ဂိတ်တွေကို ဖြတ်သန်းနိုင်မှာပါ။

ဒီလို အခြေအနေမျိုးမှာ ပြည်သူတွေဟာ သွားလာရခက်ခဲသလို အလုပ်အကိုင်တွေလည်း အဆင်မပြေဖြစ်နေပြီး စီးပွားရေးမပြေလည်မှုနဲ့ စားဝတ်နေရေးကြပ်တည်းမှုတွေကိုပါ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒီလို အခြေအနေကို မြန်မြန်အဆုံးသတ်ချင်ပြီလို့ စစ်အာဏာသိမ်းကာလမှာ ကျဆုံးခဲ့သူတို့ရဲ့ကျန်ရစ်သူ မိသားစုတွေအပါအဝင် ပြည်သူလူထုက လိုလားနေကြပါတယ်။ တရားဥပေးစိုးမိုးရေး တရားမျှတမှုရှိရေးဟာ ကဏ္ဍအားလုံးနဲ့သက်ဆိုင်တဲ့ ကိစ္စရပ်တခု ဖြစ်ပြီး လူအခွင့်အရေး၊ဖွံ့ဖြိုး တိုးတက်ရေးဆင်းရဲမှုပပျောက်ရေး၊ ငြိမ်းချမ်းရေး၊ တန်တူညီမျှရေးနဲ့ လုံခြုံရေးကို အထောက်အပံပြုပါတယ်။

မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေဟာ နိုင်ငံတွင်းရှိ တိုင်းရင်းသား၊ ဘာသာရေးအုပ်စုများ၊ လူနည်းစုများရဲ့အပြည့်အဝထင်ဟတ်ဖို့လိုသလို အမျိုးသမီးများနဲ့ မိန်းကလေးများရဲ့အသံတွေပါဝင်တဲ့ လုပ်ငန်းစဉ်တွေအပေါ်မှာမူတည်နေလို့နေပါတယ်။ သေချာတာကတော့ တရားမျှမှုဆုံးရှုံးနေတဲ့အမျိုးသမီးတွေရဲ့ အသံတွေကျယ်လာဖို့လို့ ဖိုလိုနေတယ် အောက်ဖော်ပြပါ မရဲတရဲပြောလာတဲ့ ဒေါ်နှင်းဝေအသံတိုးတိုးလေး ဖော်ပြလို့နေပါတယ်။

“မြန်မြန်လည်းပြီးစေချင်တာပေါ့နော်၊ အေးအေးချမ်းချမ်းဖြစ်မှပဲ ကိုယ်တွေလုပ်စား ကိုင်စားရမှာကိုနော်၊ မြန်မြန်လည်း ပြီးစေချင်တယ်။ ရောဂါလည်း မြန်မြန်ပျောက်စေချင်တယ်”