တနင်္သာရီတိုင်းတွင် တံတားဖြတ်သန်းခကောက်ခံဂိတ် သုံးခုတိုး

0
429

တနင်္သာရီတိုင်းအတွင်း တံတားဖြတ်သန်းခကောက်ခံသည့် ဂိတ်သုံးခုတိုးလာကြောင်း တိုင်းဒေသကြီးလမ်းဦးစီးဌာနထံမှ သိရသည်။

ယခင်က မြိတ်မြို့အနီးရှိ ကျွဲကူး-ကျောက်ဖျာ တံတားတစ်ခုတွင်သာ ဖြတ်သန်းခကောက်ခံနေရာမှ နိုဝင်ဘာ ၁၅ ရက်နေ့မှစကာ ဖြတ်သန်းခကောက်ခံသည့် တံတား ၃ စင်းတိုးလာခြင်းဖြစ်သည်။

မြိတ်နှင့်တနင်္သာရီမြို့တို့ အကြားရှိ ဝိုင်းတောင်ဂိတ်၊ တနင်္သာရီမြို့အဝင်တံတားဂိတ်နှင့် မြိတ်မြို့ အနီးရှိ သမုတ်-လော့လော့တံတားဂိတ်များတွင် ကောက်ခံနေကြောင်း တိုင်းဒေသကြီးလမ်းဦးစီးဌာနမှ တာဝန်ရှိသူက ဆိုသည်။

“အဓိကကတော့ တံတားကြီးတွေမှာပဲ ကောက်တာပါခင်ဗျား”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

ထိုကြောင့် လက်ရှိတွင် ဖြတ်သန်းခကောက်ခံသည့် စုစုပေါင်း တံတား ၄ စင်းရှိနေသည်။

အဆိုပါတံတားများတွင် ဖြတ်သန်းသည့်ကားအရွယ်အစားအပေါ်မူတည်ပြီး ကောက်ခံနေခြင်းဖြစ်သည်။

ထို့အပြင် တိုင်းအတွင်း လမ်းအသုံးပြုခကောက်ခံသည့်နေရာ ၅ ခုရှိသည်။

ထားဝယ်မြို့နယ်တွင် ၂ နေရာ၊ ကော့သောင်းတွင် ၁ နေရာ၊ မြိတ်တွင် ၁ နေရာနှင့် ဝိုင်းတောင်တွင် ၁ နေရာရှိကြောင်း တိုင်းဒေသကြီးလမ်းဦးစီးဌာနထံမှ သိရသည်။