မြိတ်တွင် ထိန်းသိမ်းခံထားရသည့် ဇနီးမောင်နှံ ပြန်လွတ်

0
145

မြိတ်မြို့မှ အထိန်းသိမ်းခံထားရသည့် ဇနီးမောင်နှံ ပြန်လွတ်လာပြီဖြစ်ကြောင်း ကာယကံရှင်များထံမှ သိရသည်။

နိုဝင်ဘာလ ၅ ရက်ညက မြိတ်မြို့၊ မြို့သစ်ရပ် အထက်တန်းကျောင်းအနီး ဗုံးပေါက်ကွဲပြီးနောက် ယင်းအနီးနေ မိသားစုဝင် လေးဦးအား စစ်တပ်နှင့်ရဲများမှ လာရောက်ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရပြီးနောက် အိမ်ထောင်ဦးစီး၏ သမီးဖြစ်သူနှင့် မြေးဖြစ်သူအား နောက်တစ်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။

ယင်းနောက် နိုဝင်ဘာ ၁၁ ရက်ညတွင် မိမိတို့ လင်မယားနှစ်ဉီးစလုံးအား ပြန်လွှတ်ပေးခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာသူ ဦးထွန်းမင်း ကပြောသည်။

“ကိုယ်ကဘာမှ လုပ်မထားတော့ ဘာမှမဖြစ်ပါဘူး။ အေးအေးဆေးဆေး စစ်ဆေးမေးမြန်းတာ လောက်ပါပဲ”ဟု ၎င်းကပြောသည်။

ဗုံးပေါက်ကွဲပြီးနောက် အနီးအနားနေအိမ်များအား ဝင်ရောက်ရှာဖွေခြင်းများ ပြုလုပ်ခဲ့ရာ ၎င်းသည် NLD ပါတီ၏ အမာခံတစ်ဦးဖြစ်သည်ဟူသော ထင်မြင်ချက်ဖြင့် ဖမ်းဆီးစစ်ဆေးခြင်း ခံခဲ့ရကြောင်း ဦးထွန်းမင်းက ဆိုသည်။

ပြန်လွှတ်ပေးခဲ့ရာတွင် မိမိသည်ရပ်ကွက်အတွင်း အေးအေးချမ်းချမ်း နေထိုင်သည်မှာ မှန်ကန်ကြောင်း ခံဝန်ထိုးကာ လွှတ်ပေးခဲ့ကြောင်း ၎င်းကပြောပြသည်။

အသက် ၆၀ နီးပါးခန့်ရှိသူ ဦးထွန်းမင်းသည် MABC မြိတ်စက်ဘီးနင်းအဖွဲ့တွင် ဒုဥက္ကဌအဖြစ်တာဝန်ယူထားပြီး မြိတ်ခရိုင်ကိုဗစ်ကာကွယ်တားဆီးရေး အရပ်ဘက်အဖွဲ့နှင့် ထိပ်တန်းသမဝါယမအသင်းတို့တွင်လည်း ဦးဆောင်ပါဝင်နေသူတစ်ဦးဖြစ်သည်။