ထားဝယ်နှင့် မြိတ်မြို့နယ် Stay at Home ပယ်ဖျက်

0
288

ထားဝယ်နှင့် မြိတ်မြို့နယ်တွင် နေအိမ်တွင်သာနေထိုင်ရန် Stay at Home ကို ပယ်ဖျက်လိုက်ကြောင်း နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် ၁၄ ရက်အတွင်း ကိုဗစ်လူနာလျော့ကျလာခြင်း၊ တစ်ဦးမှတစ်ဦး အစုလိုက်ကူးစက်မှု လျော့နည်းခြင်းများကြောင့် ယင်းကဲ့သို့ ပယ်ဖျက်ကြောင်း ဖော်ပြထားသည်။

ထားဝယ်နှင့်မြိတ်မြို့နယ်တွင် ကိုဗစ်ကပ်ဘေးကူးစက်မှုများပြားခဲ့သည့်အတွက် ဩဂုတ်လ တတိယအပတ်မှစကာ အိမ်တွင်သာ နေရန် Stay at Home သတ်မှတ်ထားခဲ့သည်။

ထိုသို့သတ်မှတ်ထားသဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာပါက အပြင်ထွက်ခွင့်လက်မှတ်ဖြင့်သာ သွားလာရပြီး အိမ်ထောင်စုတစ်ခုလျှင် တစ်ဦးသာ ထွက်ခွင့်ပြုထားခြင်းဖြစ်သည်။

လက်ရှိတွင် Stay at Home ပယ်ဖျက်လိုက်သည့်အတွက် အပြင်ထွက်ခွင့်လက်မှတ် မလိုအပ်တော့ပေ။

Stay at Home သတ်မှတ်ထားခြင်းကို ပယ်ဖျက်ပြီးဖြစ်သော်လည်း ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များအတိုင်း နေထိုင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထားဝယ်ဒေသတွင်မူ Stay at Home မပယ်ဖျက်မီကပင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နေပြီဖြစ်သည်။