ဦးမြင့်‌မောင် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံရ

0
277

တနင်္သာရီတိုင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဦးမြင့်မောင်အား အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ် ကျခံရန် အမိန့်ချခံရကြောင်း ၎င်းနှင့် နီးစပ်သည့် မိတ်ဆွေတစ်ဦးထံမှ သိရသည်။

ဦးမြင့်‌မောင်အား မတူညီသည့် ဥပဒေပုဒ်မ ၃ ခုဖြင့် ထားဝယ်အကျဉ်းထောင်ရှိ အထူးတရားရုံးတွင် နိုဝင်ဘာလ ၁၁ ရက်နေ့က အမိန့်ချခံရခြင်းဖြစ်သည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥ‌ပဒေပုဒ်မ-၂၅ ဖြင့် ထောင်ဒဏ်၂ နှစ် အမိန့်ချခဲ့ကြောင်း အထက်ပါ မိတ်ဆွေက ဆိုသည်။

ထို့အပြင် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများကို စနစ်တကျသုံးစွဲခြင်းမရှိဟုဆိုကာ ရာဇသတ်ကြီးဥပဒေပုဒ်မ-၄၀၉ ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရကြောင်း ၎င်းကရှင်းပြသည်။

ရာဇသတ်ကြီးပုဒ်မ-၄၀၉ မှာ ပြည်သူ့ဝန်ထမ်းက ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုဖြစ်သည်။

“အမှုကသီးခြားစီဖြစ်တဲ့အတွက် ပြစ်ဒဏ်အားလုံး သီးခြားစီဖြစ်သွားပြီး ၁၁ နှစ်ဖြစ်သွားတာ”ဟု အထက်ပါမိတ်ဆွေက ပြောသည်။

ထားဝယ်အကျဥ်း‌ထောင်အတွင်းရှိ အထူးတရားရုံးတွင် အမိန့်ချမှတ်ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီး နံနက်စောစောတွင် ဦးမြင့်မောင်အား ဖမ်းဆီးခဲ့ပြီးနောက်ရက်အနည်းငယ်အကြာတွင် နေအိမ်အကျယ်ချုပ်ဖြင့် ဝန်ကြီးများအိမ်ရာသို့ ပြန်ပို့ခဲ့သည်။

ထိုနောက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ယင်းနောက် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ထားဝယ်မြို့မရဲစခန်း၌ ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။