ပေါင်တွင် ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း ဖောက်ခွဲခံရ

0
416

မွန်ပြည်နယ် ပေါင်မြို့နယ် မုကျိကျေးရွာအနီ ရန်ကုန်-မော်လမြိုင် မီးရထားလမ်းပိုင်း ယမန်နေ့ညပိုင်းခန့်က ဖောက်ခွဲ ဖျက်စီးခံရကြောင်း သိရသည်။

ရန်ကုန်-မော်လမြိုင် မီးရထားလမ်းပိုင်း မိုင်တိုင် ၁၆၂/၈ တံတားအမှတ် ၁၂၅ သံတံတားကို နိုဝင်ဘာ ၅ ရက်နေ့ ည ၈ နာရီဝန်းကျင်ခန့်က မိုင်းဖောက်ခွဲခံရခြင်းဖြစ်သည်။

“ညက အသံတော့ ကြားလိုက်တယ်၊ ဘာမှန်းတော့ မသိဘူး မနက်ကျမှ ရထားလမ်းမှာ ပေါက်ကွဲမှုဖြစ်တယ်ဆိုတာ သိရတယ်” ဟု ပေါင်ဒေသခံတစ်ဦးက ပြောသည်။

မီးရထားလမ်းပိုင်း ဖောက်ခွဲခံရမှုကြောင့် မီးရထားသံလမ်းများ ပျက်စီးမှုရှိသည့်အပြင် တံတားဘောင်လည်း ပျက်စီးမှုရှိကြောင်း သိရသည်။

အဆိုပါ မီးရထားလမ်းပိုင်း ဖောက်ခွဲခံမှုဖြစ်စဥ်သည် KNU တပ်မဟာ (၁) တပ်ခွဲ (၃) နှင့် ပေါင်မြို့နယ် ဒေသခံတပ်ဖွဲ့ (Special Force Paung) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပေါင်မြို့နယ် ဒေသခံတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အာဏာသိမ်း စစ်ကောင်စီသည် ရထားလမ်းများကို စစ်လက်နက် ရိက္ခာများ သယ်ယူခြင်းကဲ့သို့သော စစ်ရေးအတွက် အသုံးပြုနေသည့်အတွက် ယခုလို ပူးပေါင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ပေါင်မြို့နယ် ဒေသခံတပ်ဖွဲ့က ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

၎င်းပြင် ပြည်သူများအနေဖြင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တို့နှင့် ဝေးရာတွင် နေပေးကြရန်လည်း ပေါင်မြို့နယ် ဒေသခံတပ်ဖွဲ့က အသိပေးနှိုးဆော် ထုတ်ပြန်ထားသည်။

ပေါင်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ဖုန်းတာဝါတိုင်ဖောက်ခွဲခံရမှုများအပါအဝင် ပေါက်ကွဲဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပွားလာနေသည်ဟု ဒေသခံတို့က ပြောသည်။

မြို့နယ်အတွင်းရှိ ရဲစခန်း၊ လျှပ်စစ်ရုံးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားနေအိမ်များ စစ်တပ်သတင်းပေးဆိုပြိး သတ်မှတ်ခံရသူတို့၏ နေအိမ်တို့တွင်လည်း ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဥ်များနှင့်ပတ်သက်ပြီး ပေါင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။