လောင်းလုံး ကျောက်ဆင်အုပ်စု လုံခြုံရေးတင်းကြပ်ပြီး အဖမ်းအဆီးများ၍ ဒေသခံများ အခက်တွေ့

0
238

ထားဝယ်ဒေသ လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးအဖွဲ့ဝင်များ သေနတ်ပစ်ခံရပြီးနောက် လုံခြုံရေးဂိတ်များထားပြီး စစ်ဆေးမှုများ‌နေသည့်အတွက် ဒေသခံများ အခက်ကြုံနေရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ပြီးခဲ့သည့်လက အဆိုပါရွာ၏ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးရီဦးနှင့် သဘော့ဆိပ်ရွာ အုပ်ချုပ်ရေးမှူးတို့ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

ယင်းဖြစ်စဉ်နောက်ပိုင်းတွင် ကျောက်ဆင်ကျေးရွာ စာသင်ကျောင်းရှေ့၌ စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့က စခန်းချကာ ဒေသခံများအား တင်းကြပ်စွာစစ်ဆေးနေခြင်းဖြစ်သည်။

ထိုသို့ စစ်ဆေးရာတွင် ဆိုင်ကယ်လိုင်စင်‌၊ ရပ်ကွက်ထောက်ခံစာ၊ ဝန်ထမ်း ဟုတ်/မဟုတ်မေးမြန်းလေ့ရှိကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“ကျွန်‌တော်ဆိုရင် ကျောက်ဆင်မှာဂိတ်ချပြီး စစစ်ဆေးကတည်းက မဖြတ်တော့ဘူး။ ဖြတ်ချင်စိတ်လည်းမရှိတော့ဘူး” ဟု အဆိုပါ အမျိုးသားကပြောသည်။

ထိုကဲ့သို့ တင်းကြပ်စွာစစ်ဆေးနေသည့်အပြင် ညအချိန်၌ ကျေးရွာနေသူများကို ဝင်ဖမ်းလေ့ရှိကြောင်း ဒေသခံများကပြောသည်။

အောက်တိုဘာလ ၁၁ ရက်နေ့မှ လက်ရှိအချိန်ထိ ဖမ်းဆီးခံရသူစုစုပေါင်း တစ်ဆယ်ကျော်ရှိကြောင်း အမျိုးသမီးတစ်ဦးက ဆိုသည်။

အဖမ်းခံရသူများအနက် အချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း အချို့ကိုမူ ဖမ်းဆီးထားဆဲဖြစ်‌ကြောင်း အဆိုပါအမျိုးသမီးက ပြောသည်။

“ညအချိန်ဝင်ဖမ်းလေ့ရှိတယ်။ မနက်မှပဲ ဘယ်သူ ဘယ်ဝါ ပါသွားတာ ကြားရတယ်”ဟု ၎င်းကပြောသည်။

အဆိုပါကျေးရွာနေ ဦးအောင်စွမ်၊ ဦးမောင်ဇော်၊ ဦးထွန်းသိန်း၊ ဒေါ်သန်းဝင်း၊ ကိုမင်းအောင်၊ ကိုသားကြီး တို့မှာ လက်ရှိအချိန်ထိ လွတ်မြောက်ခြင်းမရှိသေးကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ကျောက်ဆင်ကျေးရွာအနီးတစ်ဝိုက်တွင် ကျောက်ဆင်၊ သဘော့ဆိပ်၊ သဘောဆိပ်ပြင်ကြီး၊ ကရင်ကြီး၊ ကမ်းပနီ စသည်ကျေးရွာများရှိပြီး ဒေသခံအများစုက ငါးဖမ်းလုပ်ငန်းဖြင့်အသက်မွေးကြသည်။

ယင်းကျေးရွာများသည် ထားဝယ်ဒေသ၏ ထင်ရှားသော မောင်းမကန်-မျှော်ရစ်ဘုရား ကားလမ်းမ‌ပေါ် တွင်တည်ရှိသည်။