ထိုင်းဘက်မှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀၀ ဦးနီးပါး ပြန်ပို့ခံရ

0
308

ယခုလအတွင်း ထိုင်းနိုင်ငံတောင်ပိုင်းရှိ ခရိုင် ၁၄ ခုတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀၀ ဦးနီးပါး မြန်မာနိုင်ငံသို့ ပြန်ပို့ခံရကြောင်း သိရှိရသည်။

အဆိုပါ ရွှေ့ပြောင်းအလုပ်သမားတို့အား ထိုင်းနိုင်ငံ ရနောင်းမြို့မှ ‌ကော့သောင်းမြို့သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကလေးငယ်များအပါအဝင် အလုပ်သမား ၁၉၁ ဦးနှင့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကလေးအပါအဝင် စုစုပေါင်း ၁၈၈ ဦး၊ စုစုပေါင်း ၃၇၉ ဦးတို့ ပြန်လည်ရောက်ရှိ လာခြင်းဖြစ်ကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) မှ သိရသည်။

ပြန်လည်ရောက်ရှိလာသူတို့သည် ကွာရန်တင်းစခန်းဝင်ရောက်ပြီးမှသာ သက်ဆိုင်ရာနေရပ်အသီးသီးသို့ ပို့ဆောင်ပေးရကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ သိရသည်။

“ထားဝယ်နှင့် မြိတ်က ဒီနေ့တစ်ခါတည်း ပို့တယ် ဟိုရောက်မှ ပေးဝင်မယ်” ဟု ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂၇ ရက်နေ့က ပြောကြားသည်။

အဆိုပါ ရွှေ့ပြောင်းအလုပ်သမားတို့သည် အ‌ကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရပြီး၊ ထိုင်းနိုင်ငံ ရနောင်းခရိုင်ရှိ လူဝင်မူကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း၌ ပြစ်ဒဏ်များကျခံပြီးသူများဖြစ်ကြသည်။

ကော့သောင်းဘက်သို့ ပြန်လည်ရောက်ရှိလာသူတို့အား ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း မှ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အစားအစာများနှင့် ကိုဗစ်နိုင်တီး၊ လုံခြုံစိတ်ချရသည့် ရွှေ့ပြောင်းနေထိုင်မှုနှင့် လူကုန်ကူးမှုတို့နဲ့ ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထိုင်းနယ်စပ် ဂိတ်များလူအဝင်အထွက် ပိတ်ထားသော်လည်း မြန်မာနိုင်ငံမှ အလုပ်သမားများ ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နိုင်ရန် နည်းအမျိုးမျိုးဖြင့် ကြိုးစားနေဆဲ ဖြစ်ပြီး နယ်စပ်တွင် နေ့တိုင်းနီးပါး ဖမ်းဆီးခံရလေ့ရှိသည်။