မြိတ်တွင် လေးလအတွင်း ကိုဗစ်ကြောင့် သေဆုံးသူရှစ်ဆယ်ကျော်၊ ရပ်ကွက်အတွင်း သေဆုံးသူမပါ

0
320
ဓါတ်ပုံ-ကိုထိုက်ငယ်(ဂရုဏာနာရေးကူညီမှုအဖွဲ့)

မြိတ်မြို့တွင် လေးလအတွင်း ကိုဗစ်ကြောင့် သေဆုံးရသူ ရှစ်ဆယ်ကျော် ရှိကြောင်း ကိုဗစ်ကုသရေးစင်တာနှင့် ပရဟိတအဖွဲ့များထံမှ သိရသည်။

မြိတ်ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်ကုသဆောင်တွင် ဇွန်လ ၂၃ ရက်မှ အောက်တိုဘာလ ၂၃ ရက်နေ့အထိ ကိုဗစ်လူနာ ၅၂၆ ဦးကို ကုသပေးခဲ့ရာ သေဆုံးသူ ၈၄ ဦးရှိခဲ့ကြောင်း ယင်းကုသဆောင်၏ မှတ်တမ်းများအား ကိုးကား၍ ဂရုဏာပရဟိတအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

“ဒါကတော့ ဆေးရုံကြီးကုသဆောင်စာရင်းဇယားအရပေါ့ ။ ရပ်ကွက်တွေအတွင်း သေဆုံးခဲ့သူတွေ မပါသေးဘူး”ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ကိုဗစ်တတိယလှိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံသို့တက်ရောက်ကုသခြင်းမရှိဘဲ နေအိမ်များတွင် ကုသခဲ့သူများလည်း ရှိခဲ့သည်။

ထိုသို့ကုသရင်း လေးလအတွင်း ကိုဗစ်ဖြင့်သေဆုံးသူ ရုပ်အလောင်း သုံးဆယ်ကျော်ကိုလည်း သဂြိုၤဟ်ပေးခဲ့ရကြောင်း ဂရုဏာနာရေးကူညီရေးအဖွဲ့မှ ကိုထိုက်ငယ်က ဆိုသည်။

“သေပြီးမှ ဆေးစစ်လိုက်တာ ကိုဗစ်ပိုးတွေ့တဲ့သူတွေပေါ့”ဟု ၎င်းကပြောသည်။

မြိတ်မြို့တွင် ဇူလိုင်လအထိ ကိုဗစ်ပိုးတွေ့လူနာ သေဆုံးမှုတစ်ရက်လျှင် ၃ ဦးခန့်သာ ရှိရာမှ သြဂုတ်လတွင် သေဆုံးသူ (ရပ်ကွက်များနှင့်ဆေးရုံကြီးအပါအဝင်) ဆယ်ဂဏန်းအထိ မြင့်တက်သွားခဲ့သည်။

ယင်းကြောင့် သြဂုတ်လ ၂၁ ရက်နေ့မှစပြီး ကိုဗစ်ရောဂါကူးစက်မှု ထိန်းချုပ်ရန်ဟုဆိုကာ အိမ်ထောင်စုတစ်စုလျှင် တစ်ယောက်နှုန်းသာ ထွက်ခွာသွားလာခွင့် ကဒ်ပြားဖြင့် သွားလာစေခဲ့သည်။

ထိုသို့ ကြပ်မတ်ပြီးနောက် စက်တင်ဘာလတွင် ယခင်လထက် သေဆုံးသူသိသိသာသာလျော့ကျလာကြောင်း ပရဟိတအဖွဲ့များထံမှ သိရသည်။

မြိတ်မြို့တွင် အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာ ၂၆ ရက်အထိ ကိုဗစ်ရောဂါဖြင့် သေဆုံးသူ ၁၀ ဦးရှိကြောင်း တနင်္သာရီတိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။