ပေါင် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ နေအိမ် ဗုံးပေါက်

0
177

မွန်ပြည်နယ် ပေါင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးကျော်လင်းဦး၏ နေအိမ်တွင် ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၄ နာရီ ဝန်းကျင်ခန့်က ဦးကျော်လင်းဦးနေအိမ်သို့ အမည်မသိ လူ နှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး နေအိမ်အတွင်း ဗုံးပစ်သွင်းခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဗုံးပေါက်ကွဲမှုကြောင့် ဦးကျော်လင်းဦးအပါအဝင် လူထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း ဦးကျော်လင်းဦး၏နေအိမ်အဆောက်အအုံ အချို့ ထိခိုက်ပျက်စီးမှုရှိသည်ဟု သိရသည်။

“မနက်က ဖြစ်သွားတဲ့ ဗုံးပေါက်ကွဲမှုက လူထိခိုက်တာ မရှိဘူးလို့ သိရတယ်၊ အခုတလော ကျွန်တော်တို့ ပေါင်မှာ ဗုံးပေါက်တဲ့ဖြစ်စဉ်တွေကတော့ နေ့တိုင်းလိုလိုဖြစ်ပွားနေတယ်” ဟု ပေါင်မြို့ခံတစ်ဦးက ပြောသည်။

ဦးကျော်လင်းဦးသည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတုန်းက ပေါင်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ထားသည်သူတစ်ဦးဖြစ်သည်။

လက်ရှိတွင် ဦးကျော်လင်းဦးသည် ပေါင်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသူလည်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ပေါင်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်မေသူဝင်းနေအိမ်တွင်လည်း ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သေးသည်။

ပေါင်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ရဲစခန်း လျှပ်စစ်ရုံးနှင့် စစ်တပ်သတင်းပေးဟု ဆိုကာ သတ်မှတ်ခံရသူတို့၏ နေအိမ်တို့တွင် ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်များနှင့်ပတ်သက်ပြီး ပေါင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယနေ့ မနက်ဖြစ်စဉ်ကိုမူ မည်သည့် အဖွဲ့က လုပ်ဆောင်ခြင်းဟု တာဝန်ယူ ထုတ်ပြန်ခြင်း မရှိသေးပေ။