Stay at home ကာလ မီးအိမ်လုပ်ငန်း အခက်တွေ့

0
162

မြိတ်မြို့အား Stay at home မြို့နယ်အဖြစ် သတ်မှတ်ထားသည့်အတွက် မီးအိမ်လုပ်ငန်းမှာ အခက်အခဲတွေ့နေရကြောင်း သိရသည်။

သီတင်းကျွတ်မီးထွန်းပွဲတော်တွင် အသုံးပြုကြသည့် လက်လုပ်မီးအိမ်(မီးပုံး)မှာ ပြီးခဲ့သည့်နှစ်က ကိုဗစ်ဂယက်ကြောင့် ဈေးကွက်ပျက်လုနီးဖြစ်ခဲ့ရပြီး ယခုနှစ်တွင် Stay at home ကာလနှင့် ထပ်မံရင်ဆိုင်နေရခြင်းဖြစ်သည်။

Stay at home ကာလ၌ မိသားစုတစ်စုလျှင် တစ်ဦးသာ အပြင်ကတ်ပြားဖြင့် သွားလာခွင့်ပေးထားသည့်အတွက် မီးအိမ်များ လှည့်လည်ရောင်းချရာတွင် အခက်အခဲတွေ့နေရခြင်းဖြစ်ကြောင်း ဇေယျာသီရိ ၃ ရပ်ကွက်နေ လက်လုပ်မီးအိမ်များ ယက်လုပ်ရောင်းချနေသူ ဒေါ်မြဝင်းက ပြောပြသည်။

“ကတ်ပြားက တပြားပဲရှိတာ” ဟု ဒေါ်မြဝင်းက ပြောသည်။

ရပ်ကွက်အတွင်း လှည့်လည်ရောင်းချရန်အတွက် ဈေးရောင်းကတ်ပြား ထပ်မံပြုလုပ်ရမည်ဖြစ်ပြီး အစစ်အဆေးများသည့်အတွက် လိုက်လံရောင်းချရန် မဝံ့မရဲဖြစ်နေရကြောင်း ဒေါ်မြဝင်းက ပြောပြသည်။

ယင်းကဲ့သို့ အခက်အခဲများရှိနေသဖြင့် လက်လုပ်မီးအိမ်များဖြစ်ကြသည့် ပန်းခြင်းတောင်း၊ ဆင်ချေးတုံးနှင့် လန်ဒန်ခွံမီးအိမ်(စီးကရစ်ဗူးခွံဖြင့်ရက်လုပ်ထားသည့်မီးအိမ်) စုစုပေါင်း အလုံးရေ တစ်ထောင်ဝန်းကျင်ခန့်သာ ပြုလုပ်ထားကြောင်း သိရသည်။

“ဒါတောင် ကြောက်ကြောက်နဲ့လုပ်ထားရတာ” ဟု ဒေါ်မြဝင်းက ပြောသည်။