ရေး-ထားဝယ်ကားလမ်းရှိ တံတားတစ်စင်း ဗုံးခွဲခံရ

0
381

မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့လမ်းခွဲအနီး ရေး-ထားဝယ်ကားလမ်းပေါ်ရှိ ကလော့ချောင်းတံတား (ဒေသအခေါ် ပေ ၄၀ တံတား) ဗုံးခွဲဖျက်ဆီးခံရပြီနောက် ယာဥ်ကြီးများ ဖြတ်သန်းသွားလာ၍ မရတော့ဘူးဟု ဒေသခံတို့က ပြောသည်။

ကလော့ချောင်းတံတား အောက်တိုဘာ ၁၃ ရက်နေ့ မွန်လွဲ ၁ နာရီဝန်းကျင်အချိန်ခန့်က ဗုံးခွဲဖျက်ဆီးခံရသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

တံတား ဗုံးခွဲဖျက်ဆီးခံရမှုကြောင့် တံတားပေါ်ကြမ်းခင်းတွင် ခြောက်ပေခန့် အပေါက်ဖြစ်သွားသည့် အပြင် တံတားယက်မတစ်ချောင်းလည်း ပြုတ်ထွက်သွားသည်။

လက်ရှိတွင် တံတားကြံ့ခိုင်မှုအနေအထားအရ တန်ချိန်များသည့် ယာဉ်ကြီးများကို ဖြတ်သန်းသွားလာခွင့် မပြုတော့ဘူးလို့လည်း ဒေသခံတို့က ပြောသည်။

“အခုလောလောဆယ်ကတော့ ကားကြီးတွေကို ပေးမဖြတ်တော့ဘူး။ ကားအငယ်တွေကိုလည်း တစ်စီးပြီးမှ တစ်စီး ပေးဖြတ်ခိုင်းနေတယ်” ဟု ရေးမြို့ဒေသခံတစ်ဦးက ပြောသည်။

ကလော့ချောင်းတံတား ဗုံးခွဲဖျက်ဆီးခံရပြီးနောက် စစ်တပ်က ရှာဖွေစစ်ဆေးမှုများ တင်းကြပ်ထားသည်ဟု ဒေသခံတို့က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်နေ့ကလည်း အဆိုပါ ကလော့ချောင်းတံတားအနီးရှိ နယ်မြေခံ အမြောက်တပ်ရင်းကို ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်လည်းရှိခဲ့သည်။

ရေးမြို့နယ်အတွင်း၌ ဖုန်းတိုင်များ ဗုံးခွဲဖျက်ဆီးခံရသည့်ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေသည့်အပြင် ရဲစခန်းနှင့် တပ်ကောင်စီတပ်ဖွဲ့ဝင်စခန်းများ ဗုံးဖြင့် တိုက်ခိုက်ခံရသည့် ဖြစ်စဉ်များလည်း မကြာခဏဖြစ်ပွားနေသည်။