ထားဝယ်သုံးမြို့နယ်တွင် နိုင်ငံခြားသားများ နေခွင့်မပြု

0
233

လုံခြုံရေးအခြေအနေကြောင့် ထားဝယ်ခရိုင်အတွင်း ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းမြို့နယ်တွင် နေထိုင်သည့် နိုင်ငံခြားသားများအားလုံး ထွက်ခွာသွားပေးရန် ညွှန်ကြားထားကြောင်း တိုင်းကောင်စီလူမှုရေးဝန်ကြီး ဦးယဉ်ထွေးက ပြောကြားသည်။

နိုင်ငံကူးလက်မှတ် သက်တမ်းရှိသေးသော နိုင်ငံခြားသားများအနေဖြင့်မူ ယင်းသုံးမြို့နယ်မှလွဲပြီး အခြားနေရာသို့ ပြောင်းရွေ့နေထိုင်ခွင့်ရှိကြောင်း ၎င်းက ပြောသည်။

“အဲဒီသုံးမြို့နယ်(ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း) မှာမနေရင်ရပြီ။ သူ့မှာ ပါ့စပို့၊ ဗီဇာသက်တမ်းရှိသေးတယ်ဆိုရင် အခြားနေရာကို ပြောင်းနေလို့ရပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းမြို့နယ် သုံးခုတွင် နိုင်ငံခြားသားအချို့ ကုမ္ပဏီထောင်ပြီး အခြေချနေထိုင်သူများရှိသည်ဟုဆိုသည်။

ထားဝယ်ဒေသဟု အသိများသော ထားဝယ်ခရိုင်တွင် လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်းနှင့် ထားဝယ်မြို့နယ်တို့ရှိသည်။

သရက်ချောင်းမြို့နယ်တွင် နယ်မြေခံ PDF နှင့် စစ်တပ်တို့အကြား နှစ်ဖက်အပြန်အလှန်ပစ်ခတ်မူဖြစ်ပွားနေပြီး လောင်းလုံးနှင့် ထားဝယ်မြို့နယ်တို့တွင်လည်း ပေါက်ကွဲမှု၊ အသတ်ခံရသည့်အမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

နိုင်ငံခြားသားများ ယင်းမြို့နယ်သုံးခုမှာ ထွက်ခွာရန် အချိန်သတ်မှတ်ထားခြင်းမရှိသော်လည်း အမြန်ဆုံးထွက်ခွာပေးရမည်ဖြစ်ကြောင်း ဦးယဉ်ထွေးကပြောသည်။

အမေရိကန်သံရုံးကလည်း ယင်းနေရာသုံးခုက ထွက်ခွာသွားရန် ၎င်းတို့နိုင်ငံသားများကို အောက်တိုဘာလ ၁၄ ရက်က အသိပေး ထုတ်ပြန်ထားသည်။