နှစ်ပတ်အတွင်း ရွှေတစ်ကျပ်သား သုံးသိန်းကျော်ဈေးကျ၊ ထားဝယ်ဈေးကွက် အရောင်းအဝယ်ပါး

0
166

အချိန်နှစ်ပတ်ခန့်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်သုံးသိန်းကျော် ဈေးကျသွားသော်လည်း ထားဝယ်ဈေးကွက်တွင် အရောင်းအဝယ်ပါးနေဆဲဖြစ်ကြောင်း ရွှေဆိုင်အချို့ထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်နှစ်သိန်းကျော်အထိ ဈေးတက်ခဲ့သော်လည်း လက်ရှိတွင် တစ်ဆယ့်ရှစ်သိန်းရှစ်သောင်းဝန်းကျင်သာ ဈေးရှိခဲ့သည်။

ထိုသို့ ရွှေဈေးကျနေသော်လည်း အရောင်းအဝယ်နည်းပါးနေဆဲဖြစ်ကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်အချို့က ဆိုသည်။

လက်ရှိရွှေဈေးကျနေချိန်တွင် ငွေကြေးလိုအပ်ချက်များသူအချို့သာ လာရောင်းကြကြောင်း ထားဝယ်မြို့ စည်ပင်သာယာဈေးအရှေ့ဘက်ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

ရွှေပြန်ရောင်းသူနည်းပါးနေသကဲ့သို့ ဝယ်ယူမည့်သူများလည်း ဈေးထပ်ကျမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်ဟုထင်ကြောင်း အထက်ပါ ရွှေဆိုင်ပိုင်ရှင်က ပြောသည်။

“အခုက အရောင်းရော အဝယ်ပါ အရမ်းနည်းပါးနေတယ်၊ ဈေးအခြေအနေ စောင့်ကြည့်နေကြတယ်ထင်တယ်”ဟု ၎င်းက ဆိုသည်။

စည်ပင်သာယာဈေးကြီးတောင်ဘက်ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးကမူ ရွှေဈေးပြန်ကျနေသည့်အတွက် ရောင်းသူထက် ဝယ်သူပိုများနေသည်ဟု ဆိုသည်။

“အရောင်းအဝယ်ရှိတယ်ဆိုပေမယ့် အရင်တုန်းကလိုတော့ လိုတော့ မဟုတ်သေးဘူး”ဟု ယင်းရွှေဆိုင်ပိုင်ရှင်က ပြောသည်။

အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်နှစ်သိန်းကျော်အထိ ပေါက်ဈေးရှိစဉ်က ရွှေဈေးကွက်မှာ ရပ်တန့်သွားခဲ့ပြီး ကြိုက်ရောင်းကြိုက်ဝယ် အခြေအနေအထိ ဖြစ်သွားခဲ့သည်။

ထိုနောက် ရက်အနည်းငယ်အကြာတွင် တစ်ဆယ့်ရှစ်သိန်း သုံးသောင်းကျပ်ဝန်းကျင်အထိ ဈေးပြန်ကျလာပြီးနောက် အောက်တိုဘာလ ၁၄ ရက်နေ့တွင် တစ်ဆယ့်ရှစ်သိန်းရှစ်သောင်းဝန်းကျင် ဈေးပေါက်နေခြင်းဖြစ်သည်။

လက်ရှိတွင် ၁၅ ပဲရည် ရွှေတစ်ကျပ်သားလျှင် တစ်ဆယ့်ခုနှစ်သိန်းခြောက်သောင်းဝန်းကျင် ဈေးပေါက်ကြောင်း ထားဝယ်ဈေးကွက်အတွင်းမှ သိရသည်။