ထားဝယ်ခရိုင်တွင် ဆယ်ရက်ကြာ လျှပ်စစ်မီး အချိန်ပိုင်းပြတ်တောက်မည်

0
315

ထားဝယ်ခရိုင်တွင် ဆယ်ရက်ကြာ လျှပ်စစ်မီးအချိန်ပိုင်းပြတ်တောက်မည်ဖြစ်ကြောင်း လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးနေသည့် Petro &Trans ကုမ္ပဏီထံမှ သိရသည်။

မီးသုံးသူများအား အောက်တိုဘာလ ၁၅ ရက်မှ ၂၄ ရက်နေ့အထိ အချိန်ပိုင်းအလှည့်ကျ လျှပ်စစ်ဖြန့်ဖြူးမည်ဖြစ်ကြောင်း အထက်ပါ ကုမ္ပဏီထံမှ သိရသည်။

အထက်ပါရက်များအတွင်း ညနေ ၅ နာရီမှ ည ၈ နာရီအထိ အလှည့်ကျဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ကုမ္ပဏီက သဘာဝဓာတ်ငွေ့သုံး မီးစက်များဖြင့် လျှပ်စစ်ထုတ်လုပ်နေခြင်းဖြစ်သည်။

ထားဝယ်ခရိုင် လျှပ်စစ်မီးအတွက် သဘာဝဓာတ်ငွေ့ဖြန့်ဖြူးနေသည့် ဇောတိကဓာတ်ငွေ့ပိုက်လိုင်းအား နှစ်စဉ်ပြုလုပ်နေကြအတိုင်း အောက်တိုဘာလ ၁၅ ရက်နေ့မှ ၂၄ ရက်နေ့အထိ Gas Full Shutdown လုပ်မည်ဖြစ်သည့်အတွက် အချိန်ပိုင်းမီးပြတ်ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးသက်ဇော်အောင်က ဆိုသည်။

ထိုကဲ့သို့ ဓာတ်ငွေ့ပိုက်လိုင်းပိတ်ထားချိန်တွင် ဓာတ်အားခွဲရုံများရှိ အရန်ဒီဇယ်မီးစက်များဖြင့် ဖြန့်ဖြူးပေးနေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အချိန်ပိုင်းမီးပြတ်တောက်မည့်အချိန်မှာ ဆယ်ရက်ဟုဆိုသော်လည်း ဓာတ်ငွေ့ပိုက်လိုင်းအတွင်း လက်ကျန်သဘာ၀ ဓာတ်ငွေ့ရှိနေသေးသည့်အတွက် ယင်းဓာတ်ငွေ့ကုန်သည်အထိ အချိန်ပိုင်းပြတ်တောက်မည်မဟုတ်သေးကြောင်း ဦးသက်ဇော်အောင်က ဆိုသည်။

“ဆယ်ရက်ဆိုပေမယ့်လည်း ပိုက်လိုင်းကျန်အသုံးပြုခွင့်ရဦးမှာဆိုတော့ ဒီကြားထဲမှာ ဘယ်နှစ်ရက်ရအုန်းမယ်ဆိုတာတော့ မပြောနိုင်သေးဘူး”ဟု ၎င်းက ပြောသည်။

လျှပ်စစ်မီးသုံးစွဲမှုအများဆုံးအချိန်တွင် ထားဝယ်ခရိုင်၏ သုံးစွဲအားမှာ မဂ္ဂါဝပ် ၂၀ ဝန်းကျင်ရှိကြောင်း အထက်ပါ ကုမ္ပဏီထံမှ သိရသည်။

Petro &Trans ကုမ္ပဏီက ပြီးခဲ့သည့်သြဂုတ်လတွင် လျှပ်စစ်တစ်ယူနစ်လျှင် ၂၄၈ ကျပ် ကောက်ခံနေပြီး စက်တင်ဘာလအတွင်း သုံးစွဲယူနစ်ဈေးနှုန်း အနည်းငယ်ထပ်မြင့်ဖွယ်ရှိကြောင်း ယင်းကုမ္ပဏီက ပြောဆိုထားသည်။