ဆလုံ ကျွန်းများအထိ ကိုဗစ်ပျံ့နှံ့

0
845
မော်ကင်းဆလုံလူမျိုးများ နေထိုင်သည့် လငန်းကျေးရွာကို တွေ့ရစဉ်/ Dawei Watch

မော်ကင်းဆလုံလူမျိုးများ နေထိုင်သည့် တနင်္သာရီတိုင်းအတွင်းရှိ ကျွန်းများအထိ ကိုဗစ်ပိုးပျံ့လာနေကြောင်းဒေသခံများ ထံမှသိရသည်။

မြိတ်ခရိုင်နှင့်ကော့သောင်းခရိုင်အတွင်းဆလုံလူမျိုးများနေထိုင်သည့် ကျွန်းရွာ ၁၁ ရွာ ရှိသည့်အနက် ထက်ဝက်နီးပါး ကိုဗစ်ရောဂါပိုးပျံ့နှံ့ခဲ့ကြောင်း ဒေသခံများကပြောသည်။

ဆလုံကျေးရွာများဖြစ်သည့် ဒုံးပုလဲအော်၊ ပရောဝါး၊ ဂျာအုံး၊ မကြုံဂလက်၊ လငန်း စသည့်ကျေးရွာများသို့ ရောဂါပိုးပျံ့နှံ့ကူးစက်ခံခဲ့ရပြီး တခြားလက်လှန်းမမီသည့် ဆလုံကျေးရွာများတွင်လည်း ကူးစက်နိုင်ခြေရှိကြောင်း လငန်းကျေးရွာနေ ဒေသခံရွာသား တစ်ဉီးကပြောသည်။

“ပြီးခဲ့တဲ့လ(စက်တင်ဘာ)ကစပြီး အနံ့တွေပျောက်ကြတယ်။ စားလို့မဝင်ဘူး အဖျားတွေတက်ကြတယ်။ ကိုက်ခဲတယ်။ ဒီလက္ခဏာတွေ ဖြစ်ကြတယ်”ဟု လငန်းကျေးရွာနေ အသက် ၆၀ အရွယ် ရွာသားတစ်ဦး ကပြောသည်။

ငါးဖမ်းရာသီစတင်သည့် သြဂုတ်လမှစကာ ကမ်းဝေးငါးဖမ်းလှေကြီးလှေငယ်များ ငါးဖမ်းရင်း ဆလုံရွာများသို့ ဝင်ထွက် သွားလာခြင်းများ ပြုလုပ်ခဲ့ကြသည်။

ယင်းသို့ဝင်ထွက်မှုမှတစ်ဆင့် ရောဂါကူးစက်ခံရမှု ဖြစ်နိုင်ဖွယ်ရှိကြောင်း ဒေသခံများက ပြောဆိုဝေဖန်ကြသည်။

“လှေကြီးလှေငယ် လူကအစုံလာကြတာတော့ အဲဒီကနေတစ်ဆင့် ကူးစက်ခံရနိုင်တာပေါ့။ အဲလိုပဲ ထင်ကြတယ်”ဟု လငန်းဒေသခံက ပြောသည်။

ကိုဗစ်ပိုးကူးစက်ခံရမှုကြောင့် ကံမော်တိုက်နယ်ဆေးရုံသို့ ဆလုံအမျိုးသမီးအချို့ တက်ရောက်ကုသခဲ့ပြီး သေဆုံးသူတော့ လက်ရှိအချိန်ထိ မကြားရသေးကြောင်း ဒေသခံများကဆိုသည်။

လက်ရှိအချိန်တွင်တော့ ရွာသားအများစုမှာ ရောဂါပျောက်ကင်းကာ ပြန်လည် ကျန်းမာလာပြီဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းအတွင်း မော်ကင်းဆလုံ လူဉီးရေ တစ်ထောင့်ခုနှစ်ရာခန့်သာ ကျန်ရှိတော့ပြီး ဆလုံလူမျိုးနေထိုင်သည့် ကျေးရွာအများစုတွင် ကျေးလက်ဆေးခန်းနှင့် ကျန်းမာရေးဆရာဝန်မရှိကြောင်း ဒေသခံများ ထံမှသိရသည်။