ထားဝယ်အရှေ့တောဒေသ ကျန်းမာရေးအတွက် အခက်တွေ့

0
271
ထားဝယ်အရှေ့တောဒေသရှိ ဘန်းချောင်းအတွင်း စက်လှေအသုံးပြုပြီး ခရီးသွားနေသည့် ဒေသခံများကို ယမန်နှစ်က တွေ့ရစဉ်/Dawei Watch

မေတ္တာမြို့အပါအဝင် ထားဝယ်အရှေ့တောဒေသနေသူများ ကျန်းမာရေးအတွက် အခက်တွေ့နေရကြောင်း ဒေသခံပရဟိတ အသင်းအချို့ထံမှ သိရသည်။

ထားဝယ်အရှေ့တောဒေသရှိ မေတ္တာမြို့တွင် ပြည်သူ့ဆေးရုံရှိသော်လည်း ဆရာဝန်နှင့်သူနာပြုမရှိသည့်အတွက် လူနာလက်မခံဖြစ်နေကြောင်း ယင်းအဖွဲ့များက ဆိုသည်။

ထိုကြောင့် ထားဝယ်အရှေ့တောနေ ပြည်သူများကျန်းမာရေးအရ ဆေးရုံဆေးခန်းပြရန် လိုအပ်လာပါ မိုင်၃၀ ကျော်ဝေးသည့် ထားဝယ်မြို့တွင် လာရောက်ပြသကုသနေရကြောင်း ထားဝယ်အရှေ့တောဒေသ တောင်သုံးလုံးရွာ အခြေစိုက် TTL အာယုဒါန ရှာဖွေကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ကိုပြည့်ဇော်ဟိန်းက ပြောသည်။

လက်ရှိတွင် မေတ္တာဆေးရုံ၌ ဆရာဝန်တစ်ဦးသာရှိသည့်အတွက် လူနာလက်ခံခြင်းမရှိသေးကြောင်း သိရသည်။

ထိုကြောင့် ကိုဗစ်ရောဂါ အပါအဝင် အခြားရောဂါသည်များမှာ ထားဝယ်မြို့ သို့မဟုတ် အရှေ့တောဒေသ ကျောက်မဲတောင်ရွာရှိ ဆာဒိုဝါးပုဂ္ဂလိကဆေးခန်းတွင် ကုသနေရကြောင်း ကိုပြည့်ဇော်ဟိန်းက ဆိုသည်။

“အရှေ့တောတစ်ခွင်လုံးက မေတ္တာဆေးရုံကိုပဲ အားကိုးနေရတယ်” ဟု ၎င်းက ပြောသည်။

အရှေ့တောဒေသရှိ ဆာဒိုဝါးဆေးခန်းတွင်လည်း ငွေကြေးမတတ်နိုင်သည့် လူနာများကိုလည်း ကူညီကုသပေးနေသော်လည်း ဒေသတစ်ခုအနေနှင့် အစိုးရဆေးရုံတစ်ရုံလိုအပ်ကြောင်း မေတ္တာမြို့ အခြေစိုက် မေတ္တာရှင်လူမှုကူညီရေးအဖွဲ့ ဥက္ကဌ ဦးလွင်ဦးက ဆိုသည်။

ထားဝယ်အရှေ့တောဒေသသည် ထားဝယ်-ထီးခီးလမ်းပေါ်တွင် တည်ရှိပြီး သတ္တုတူးဖော်သည့် မိုင်းများလည်းရှိသည်။